BREAKING
October 20, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

July 26, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင် ၁၉ မှ ၂၅ ရက်အထိ

ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်၊ ထိုင်းဘက်တွင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားရာကနေတဆင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုတွေ စဖြစ်လာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်ဒုံးကျည်တွေနဲ့ ထိုင်းနယ်စပ်ခရိုင်တွေကို ဆက်တိုက်ပစ်ခတ်ခဲ့လို့ ထိုင်းဘက်မှ ကျောင်းသားတွေအပါအဝင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့တာပါ။

ဒုံးကျည်တွေက လူနေအိမ်တွေ၊ ဆေးရုံ၊ PTT ဓါတ်ဆီဆိုင်နဲ့ 7-Eleven စတိုးဆိုင်တွေကို ထိမှန်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ပိုများလာတာပါ။

နောက်ထပ် ဒဏ်ရာရရှိသူ ၄၆ ဦးအထိ ရှိလာပြီး နယ်စပ်ခရိုင်တွေထဲက ပြည်သူ ၁၁၀,၀၀၀ ကျော်အထိ ယာယီစခန်းတွေမှာ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ် အားလုံးကို ပိတ်သိမ်းထားသလို နယ်စပ်ခရိုင်တွေဖြစ်တဲ့ စူရင်း၊ စီစကက်နဲ့ ဘူရီရမ်ခရိုင်တွေက ကျောင်းပေါင်း ၅၈၂ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ထိုင်းလေတပ်ဘက်ကလည်း F-16 တိုက်လေယာဉ်တွေသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက် စခန်းတွေကို သုံးကြိမ် တိုက်ခိုက်ခဲ့သလို ပစ်မှတ်တွေကို ထိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားဘက်က ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက နှစ်နိုင်ငံ သံအမတ်တွေကို နှင်ထုတ်ထားပြီး သံတမာန်ဆက်ဆံရေးကို အနိမ့်ဆုံးအထိ ဖြစ်လာစေခဲ့ပါတယ်။

Ref: The Guardian

……………………………………..

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ပြင်သစ်က တရားဝင် အသိအမှတ်ပြုမည်

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုမယ်လို့ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခွန်း ကပြောကြားလိုက်ပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်ရဲ့ ရည်ရွယ်ချက်ကို အတည်ပြုလိုက်တယ်လို့ လူမှုကွန်ရက် X မှာ ပို့စ်တင် ကြေညာခဲ့တာပါ။

လက်ရှိမှာတော့ ဂါဇာမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ အရေးကြီးကြောင်း သမ္မတက ရေးသားထားပါတယ်။

ဂါဇာဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့နဲ့ ဂါဇာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ သမ္မတက တိုက်တွန်းထားပါတယ်။

ပြင်သစ်သမ္မတရဲ့ ကြေညာချက်ကို ပါလက်စတိုင်းအာဏာပိုင်တွေက ကြိုဆိုခဲ့ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုထားကြပါတယ်။

Ref: CNN

……………………………………..

နိုင်ဂျီးရီးယား ဒုက္ခသည် သန်းချီအတွက် စားနပ်ရိက္ခာ အကူအညီ ရပ်ဆိုင်း

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဒုက္ခသည်ပေါင်း ၁ ဒသမ ၃ သန်းအတွက် အစားအစာနဲ့ အာဟာရ အကူအညီတွေကို ဆိုင်းငံ့ထားလိုက်ရတော့မယ်လို့ ဇူလိုင် ၂၃ ရက်က ကြေညာလိုက်ပါတယ်။

WFP မှာ လက်ကျန်ပစ္စည်းတွေ ကုန်သွားပြီး ဂိုဒေါင်တွေ အားလုံး အလွတ် ဖြစ်နေတယ်လို့ အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

WFP ရဲ့ စားနပ်ရိက္ခာနဲ့ အာဟာရပစ္စည်း သိုလှောင်ထားမှုတွေဟာ ဇူလိုင်လ အစောပိုင်းမှာ နောက်ဆုံးလက်ကျန်တွေကို ဂိုဒေါင်တွေကနေ ထုတ်ပေးခဲ့ပြီးနောက် ကုန်သွားတယ်လို့ ဆိုပါတယ်။

ဖြန့်ဝေနေတဲ့ အကူအညီတွေ ပြီးဆုံးသွားတာနဲ့တပြိုင်နက် အသက်ကယ် အကူအညီ တွေလည်း ရပ်ဆိုင်းသွားမှာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းလိုက်တာကြောင့် ပိုမိုအခြေအနေ ဆိုးရွားလာတာဖြစ်ပါတယ်။

Ref: Nairametrics

……………………………………..

ခရီးသည် ၅၀ ခန့်လိုက်ပါလာသော ရုရှားလေယာဉ် ပျက်ကျ

ခရီးသည် ၅၀ ခန့် လိုက်ပါလာတဲ့ ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဇူလိုင်လ ၂၄ ရက်နေ့မှာ ရုရှားနိုင်ငံအရှေ့ပိုင်း ၊ တရုတ်နယ်စပ်အနီးမှာ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူမရှိပါဘူး

လေယာဉ်ပေါ်မှာ ကလေးငယ် ငါးဦးအပါအဝင် ခရီးသည် ၄၂ ဦး နဲ့ လေယာဉ်ဝန်ထမ်း ခြောက်ဦး လိုက်ပါလာပါတယ်။

လေယာဉ်ဆင်းသက်စဉ် လေယာဉ်မှူးရဲ့ အမှား ဒါမှမဟုတ် မြင်ကွင်း မရှင်းလင်းလို့ လေယာဉ်ပျက်ကျရတာဖြစ်နိုင်တယ်လို့ရုရှားဘက်က ကနဦး သုံးသပ်ထားပါတယ်။

လေယာဉ်မှာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားအခြေစိုက် Angara လေကြောင်းလိုင်းက An-24 လေယာဉ် ဖြစ်ပါတယ်။

Ref:  BBC

……………………………………..

UNESCO မှ အမေရိကန် နုတ်ထွက်မည်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကနေ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ 

UNESCO က ယဉ်ကျေးမှုနဲ့ လူမှုရေးအရ မမျှတတဲ့ ခွဲခြားမှုတွေအပေါ် ထောက်ခံ အားပေးနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားတာပါ။

UNESCO ရဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်ဟာ အမေရိကန် ဦးစားပေး နိုင်ငံခြားရေးမူဝါဒနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံကို UNESCO အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီးနောက် အစ္စရေး ဆန့်ကျင်ရေး ရည်တည်ချက်တွေ ပိုတိုးလာနေတယ်လို့ပါ အမေရိကန်က စွပ်စွဲထားပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၆ ဒီဇင်ဘာလမှာ အမေရိကန်ရဲ့ နုတ်ထွက်မှုက စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

Ref: Aljazeera

……………………………………..

တောင်ကိုးရီးယားတွင် ရေကြီး မြေပြိုမှုကြောင့် လူ ၁၉ ဦး သေဆုံး

တောင်ကိုရီးယား နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် လူ ၉ ဦး လည်း ပျောက်ဆုံးနေဆဲပါ။ နောက်ထပ် ပြည်သူ ၁၄၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့စေခဲ့ပါတယ်။

နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး ဇူလိုင် ၂၁ ရက်က မြေပြိုမှု တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

မိုးရေချိန်က တစ်နေ့တည်း ၃၁ လက်မထိ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

မိုးရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကြောင့် အများပြည်သူပိုင် အဆောက်အဦ ၆၇၀၀ ခန့်နဲ့ လယ်ယာမြေ ၄၀၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Ref: Earth

……………………………………..

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် ရေကြီးနေသော ဘုရားကျောင်းတွင် မင်္ဂလာပွဲကျင်းပ

ဖိလစ်ပိုင်နိုင်ငံမှာ စုံတွဲတစ်တွဲက မုန်တိုင်းကြောင့် မင်္ဂလာပွဲကျင်းပမယ့် မင်္ဂလာခန်းမ ရေကြီးနေတာတောင် သူတို့ရဲ့အထူးနေ့ကို ရက်မရွှေ့ဘဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဂျိတ် ရစ်ခ် ဗာဒီလို နဲ့ ဂျာမေကာ အာကွီလာတို့ဟာ ဇူလိုင်လ ၂၂ ရက်နေ့က မနီလာမြို့က Barasoain ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ခဲ့တာပါ။

သူတို့ လက်ထပ်နေတဲ့အချိန် မုန်တိုင်းကြောင့် အဲ့ဒီဘုရားရှိခိုကျောင်းက ရေကြီးနေပါတယ်။

ရေတွေကြားထဲမှာပဲ မင်္ဂလာဆောင်ခဲ့ကြပြီး သတို့သမီးရဲ့အဖြူရောင်မင်္ဂလာဝတ်စုံအောက်ပိုင်းက ဒူးနားလောက်ထိ ရေနစ်နေတာကို တွေ့ရပါတယ်။

သူတို့စုံတွဲက ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာ အခုလိုလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: BBC

……………………………………..