BREAKING
November 5, 2025

ပုလော၊ ဇရပ်ဆိပ်ရွာကို စစ်ကောင်စီက ဒရုန်းဗုံးချသဖြင့် ပိတ်မိနေသည့် ခရီးသွား ၁၀ ဦး သေဆုံး

July 26, 2025

ပုလောမြို့နယ် ဇရပ်ဆိပ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ခရီးသွားပြည်သူများ တည်းခိုနေသည့်အိမ်ကို ဒရုန်းဖြင့်ဗုံးချသဖြင့် ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် ခရီးသွားများ တည်းခိုနေသည့် အိမ်ကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ဦးမြင့်သန်း အပါအဝင် ၁၀ ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

မြိတ်ဘက်မှ လာသည့် အဆိုပါ ခရီးသည်ကားမှာ လေကြောင်းဗုံးကြဲမှုနှင့် တိုက်ပွဲဖြစ်နေသည့်အတွက် ဆက်သွား၍မရတော့ဘဲ ဝင်ရောက်တည်းခိုနေခြင်းဖြစ်သည်။

“အိမ်ရှင်ရော ကားမောင်းသမားရော သေသွားတယ်။ အိမ်ရှင် မိန်းမကတော့ဒဏ်ရာ ရသွားတယ်။ သေသွားသူတွေက ခြေပြတ်သူကပြတ် ဗိုက်ပေါက်သူကပေါက်နေတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

နေအိမ်ကို ပထမအကြိမ် ဒရုန်းဖြင့် ဗုံးချရာ တစ်ဦးသေကာ ၂ ဦး ဒဏ်ရာရသွားပြီး ဒဏ်ရာရသည့်လူနာများကို ကယ်ဆယ်ရန်လုပ်ဆောင်နေစဉ် လက်နက်ကြီးဖြင့် ထပ်ပစ်ခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည်ဆန် ထပ်မံထိမှန်သဖြင့် နောက်ထပ် ၈ ဦးသေပြီး ၃ ဦး ဒဏ်ရာ ရသွားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နေအိမ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီးနောက် ပါဒစက်တော်ရာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်သလို မီးရောင်ထွက်နေသည့် နေရာများကိုလည်း ဒရုန်းဖြင့် ဗုံးထပ်ချကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ညတုန်းက အလောင်းကို ဝင်ကောက်လို့ မရဘူး။လူနာတွေကို မနည်းဝင်ဆွဲ ယူရတယ်။ညနက်မှ ကယ်ထုတ်လို့ပြီးသွားတယ်။ မီးရောင်မြင်တာနဲ့ ပစ်ဆိုတော့ ဝင်ကောက်လို့မရဘဲ အလောင်းတွေကို ထားခဲ့ရတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ဆိုသည်။

ဒဏ်ရာရသူများကို ညတွင်းချင်းသယ်ထုတ်ပြီး ဆေးရုံသို့ပို့ဆောင်လိုက်ပြီး ၂၆ ရက်နေ့ နံနက်မှ အလောင်းများ သယ်ယူနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ညအချိန် ခရီးသွားပြည်သူများ နားနေရာကို စစ်ကောင်စီက တိုက်ခိုက်နေခြင်းကြောင့် ခရီးသွားခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကို ပြည်သူများအနေဖြင့် အတိအကျလိုက်နာပေးရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။