ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ မော်တုန်းနှင့် ပဝရွာတို့ကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်

June 26, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာနှင့် ပဝရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ဇွန်လ ၂၅ ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မော်တုန်းရွာအတွင်းကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ပဝရွာကို ၁၂၀ မမ လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့ကြောင်း အသက် ၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မော်တုန်းရွာနေ ဒေသခံတစ်ဦးကလည်း “မော်တုန်းရွာမှာက ကူးတို့ဆိပ်မှာ လာကျတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ လက်နက်ကြီးတွေလည်း ပတ်ရမ်းပစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံးအနက် ပဝရွာ သုသာန်ဘက်တွင် တစ်လုံးကျရောက် ပေါက်ကွဲပြီး ကျန်တစ်လုံးမှာ ကမ်းနားဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ပဝရွာသားတစ်ဦးက ပြောဆိုသည်။

“ရဲဘော် အသုဘ ပို့ချိန် လာကြဲတယ်။ သုသာန်နဲ့ မလှမ်းမကမ်းလာကျလို့ လူတွေဘာမှ မဖြစ်သွားဘူး။ ရွာသားတွေတော့ ထိတ်လန့်ကုန်တယ်” ဟု အထက်ပါ ရွာသားက ပြောသည်။

ဇွန်လ ၂၃ ရက်က သိန်ခွန်းရွာတွင်တပ်ချိန်းပြီး တနင်္သာမြို့သို့ပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက သမုတ်ချုံးရွာအရောက်တွင် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားပြီး မြိတ်ခရိုင်တပ်ရင်း-၂ က ရဲဘော်ပန်ဒါ သေဆုံးခဲ့သည်။

ဇွန်လ ၂၄ ရက်ကလည်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ရမ်းဖိုရွာတွင် နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့သည်။