ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ရှိ ဇာဒီနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲမဖြစ်တော့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ဇာဒီချောင်းဝသို့ ရောက်ရှိနေသည့် စစ်သင်္ဘောက ဇွန်လ ၂၅ရက် တစ်ရက်တည်းတွင် လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ် သလို နတ်ကြီးစင်အုပ်စုနှင့် ဆက်စပ်လျက်ရှိသည့် ရာဖူးကျေးရွာအုပ်စု၊ သာယာမွန်ရွာဘက်သို့လည်း ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ်တစ်ခုက လက်နက်ကြီးနှစ်ချက် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များသည် ဇာဒီအုပ်စုရှိ ကျောက်ထရံရွာနှင့် ရာဖူးကျေးရွာအုပ်စုရှိ သာယာမွန်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းတို့ကဆိုသည်။
ဇွန်လ ၁၇ရက်ကလည်း စစ်ကောင်စီတပ်က နတ်ကြီးစင်အုပ်စု၊ ရေငံကြီးရွာဘက်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း နတ်ကြီးစင်ရွာမှ ဒေသခံများထံမှ သိရသည် ။
“ရွာကို ပြန်ဝင်နေတဲ့သူလည်း လက်နက်ကြီးကြောက်လို့ ကိုယ့်အိမ်ကိုယ်ပြန်မနေရဘူး။ ပြန်တဲ့သူကလည်း ငါးစုမှာနှစ်စု (တိမ်းရှောင်နေရသူ၏ ငါးပုံနှစ်ပုံ) ပဲ ပြန်ကြတယ်။ ကျန်တဲ့သူတွေက နီးစပ်ရာ ရှောင်တိမ်းနေကြတယ်” ဟု နတ်ကြီးစင် ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်စခန်းကဲ့သို့ မဟုတ်ဘဲ နီးစပ်ရာတည်းခို၍ ရှောင်တိမ်းရသဖြင့် စစ်ဘေးရှောင်ရသည့် ကာလ ကြာလာသည်နှင့် အမျှ စားသောက်ရေးအပြင် နေထိုင်ရေးအခက်အခဲပါရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဧပြီလတတိယပတ်ကစ၍ မင်းသားကျေးရွာအုပ်စုတွင် နှစ်ဖက် စစ်ရေးတင်းမာခဲ့သဖြင့် အဆိုပါကျေးရွာအုပ်စု ပတ်ဝန်းကျင်ရှိ နတ်ကြီးစင်ရွာ အပါအဝင် ကျေးရွာငါးရွာမှ ဒေသခံ တစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသည့် ဒေါနတနင်္သာရီအဖွဲ့ထံမှ သိရသည်။
ဇာဒီကျေးရွာအုပ်စုအနီးရှိ ပယရွာတွင် ဇွန်လ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဇာဒီရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ကျေးရွာအတွင်း ဝင်ရောက်နေထိုင်သူများ ထပ်မံထွက်ပြေး တိမ်းရှောင်ရကြောင်း ဇာဒီဒေသခံများက ပြောသည်။
“ပြီးခဲ့တဲ့နှစ်မှာ အကြီးအကျယ် စစ်ကြောင်းထိုးပြီးကတည်းက ဇာဒီရွာမှာတော့ လူမနေတော့ဘူး။ ပတ်ဝန်းကျင်ရွာတွေ မှာတော့ လူတွေရှိသေးတယ်။ ဒါပေမဲ့ စစ်သင်္ဘောက အကြောင်းပြချက်မရှိ လက်နက်ကြီးထုနေတော့ အခု တောတောင် တွေထဲ ထပ်ထွက်ပြေးနေရတယ်” ဟု ဇာဒီကျေးရွာအုပ်စုက ဒေသခံလူငယ်တစ်ဦးက ပြောသည်။
ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေမှုကြောင့် အထက်ပါကျေးရွာအုပ်စုများရှိ လယ်ယာလုပ်ငန်းများ၊ ရော်ဘာခြံ၊ သီဟို၌ခြံ၊ ကွမ်းခြံ စသည့် ဥယျာဉ်ခြံလုပ်ငန်းများလည်း မလုပ်ကိုင်ရဘဲ ပစ်ထားရကြောင်း ယင်းဒေသများရှိ တောင်သူများ ထံမှ သိရသည်။