BREAKING
October 20, 2025

သရက်ချောင်း၊ မင်းဒပ်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များတိုက်ခိုက်

June 26, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ဝင်းဝစခန်းအနီးတွင်ရှိသည့် မင်းဒပ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။

ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ မင်းဒပ်ရွာထဲတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

“လက်နက်ကြီးက ရွာထဲကိုပဲအကျများတယ်။ ဝင်းဝရဲစခန်းက ထုပေးနေတာကိုး၊ သေနတ်သံကြားတဲ့နေရာကို လိုက်ပစ်ချနေတယ်” ဟု မင်းဒပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မင်းဒပ်ရွာဘက်က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ခန့်နှင့် လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသဖြင့် ထွက်ပြေးတိမ်းရှောင်ရန် အဝတ်ထုတ်ပြင်ပြီး အခြေအနေကို စောင့်ကြည့်နေသည်ဟု ဝဲရစ်ရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ထမင်းတွေဘာတွေ တည်ထားပြီးပြီ၊ အဝတ်ထုပ်တောင် မဖြည်ရဲဘူး။ အခြေအနေကို စောင့်ကြည့်နေတာ ပြေးဖို့၊ အခုတော့ သေနတ်သံတွေမကြားရတော့ဘူး တိတ်သွားပြန်ပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဝင်းဝနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သားများ မေလ ၂၈ ရက်တည်းက မင်းဒပ်ရွာတွင်တပ်စွဲထားပြီး ဒေသခံများကို လူသားဒိုင်းသဖွယ် ရက်အတန်ကြာဖမ်းဆီးထားသဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရသည်။