လောင်းလုံးမြို့နယ်က ကျေးရွာအချို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားတစ်ဦးက အသက် ၇၀ ကျော်အရွယ် ကညုံကျွန်းရွာသူ အဖွားတစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် လုံခြုံရေးအခြေအနေအရ ကာယကံရှင်အဖွားမှာ ကညုံကျွန်းရွာတွင်မနေတော့ဘဲ အခြားသို့ မိသားစုအလိုက် ပြောင်းရွှေ့သွားပြီဖြစ်သည်။
မုဒိမ်းကျင့်ခံရသည့်အဖွားနှင့် Dawei Watch က ဇွန်လ ၂၆ ရက်နေ့တွင် တိုက်ရိုက်စကားပြောခွင့် ရခဲ့သည်။
ကျူးလွန်ခံရသူအဖွား၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာထဲသို့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဇွန်လ ၁၆ ရက်တွင် အရပ်ခပ်ပုပု အသက် ၄၀ ခန့်အရွယ် စစ်ကောင်စီတပ်သားတစ်ဦး အဖွားနေအိမ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သား၏ နာမည်ကိုမူ “ဖိုးချေ” ဟုခေါ်သံကြားရကြောင်း ရောက်ရောက်ချင်း နေအိမ်တွင်နှစ်ဦးတည်းရှိနေသည့် အသက် ၇၀ ကျော်အရွယ် ဖိုးဖွားလင်မယားကို အိမ်အောက်တွင်ဆင်းပြီး မှောက်နေရန် အမိန့်ပေးစေခိုင်းခဲ့ကြောင်း အဖွားကဆိုသည်။
“ပထမဆုံးရောက်လာတဲ့နေ့မှာတော့ ဘာမှမလုပ်ဘူး” ဟု အဖွားကပြောသည်။
နောက်တစ်နေ့ည (ဇွန်လ ၁၇ ရက်ညဟုယူဆရ) တွင်မူ ဖိုးချေဟုခေါ်သည့် စစ်ကောင်စီတပ်သားသည် အဖွားကို မုဒိမ်းကျင့်ခဲ့ကြောင်း ပထမဆုံးတစ်ရက်ထဲတွင်ပင် သုံးကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း အဖွားက ပြန်ပြောပြသည်။
နှစ်ရက်နှင့် တစ်ညအတွင်း အဖွားအား ငါးကြိမ်တိတိ အဆိုပါစစ်ကောင်စီတပ်သားတစ်ဦးတည်းက မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဖွား၏ ခင်ပွန်းရှေ့တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“အရမ်းကိုနာကျင်တယ်။ (မိန်းမကိုယ်ကနေ)သွေးပါကျတယ်” ဟု အဓမ္မကျင့်ခံရသည့်အခြေအနေကို အဖွားက ပြောပြသည်။
စစ်ကောင်စီတပ်သည် အဖွားရှိနေသည့် နေအိမ်ပေါ်သို့ တက်လာသည့်အချိန်တိုင်း ၎င်း၏အမျိုးသားအင်္ဂါအား လက်ဖြင့်ကိုင်ပြီတက်လာကြောင်း အဖွားကဆိုသည်။
ဆီးချိုရောဂါသည် အဖိုးအား စစ်ကောင်စီတပ်သားက သေနတ်ဖြင့်ချိန်ရွယ်ပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ အဖွားကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း အဖွားကပြောသည်။
“(ခင်ပွန်းဖြစ်သူ)အဖိုးကြီးကို ပစ်သတ်မယ်ပြောလို့ ဆရာရေ့… ပစ်တော့မပစ်သတ်ပါနဲ့” ဟု တောင်းပန်ခဲ့ရသည်ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကညုံကျွန်းရွာတွင် ဇွန်လ ၁၅ ရက်နေ့မှစပြီး ဆယ်ရက်တိတိတပ်စွဲနေထိုင်ကာ ဇွန်လ ၂၄ ရက်တွင် ရွာမှထွက်ခွာသွားကြသည်။
စစ်ကောင်စီတပ်သားများ ရွာမှထွက်ခွာသွားပြီးမှ အဖွားတို့မိသားစုလည်း အခြားသို့ပြောင်းရွေ့လိုက်ကြပြီး ကျန်းမာရေးဆိုင်ရာ ကုသမှုပြုလုပ်ခဲ့ရသည်။
Dawei Watch နှင့် စကားပြောချိန်တွင် အဖွားသည် ကြောက်ရွံ့နေသည့်ဟန် အသံတုန်နေသည်ကို သတိပြုမိသည်။
ယင်းဖြစ်ရပ်အတွက် အလွန်စွာအရှက်ရကြောင်း၊ အဆိုပါစစ်ကောင်စီတပ်သားက မုဒိမ်းကျင့်ရုံသာမကဘဲ နေအိမ်ရှိ လက်ကိုင်ဖုန်းအပါအဝင် အခြားအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ရှာဖွေကာ အဓမ္မယူဆောင်သွားကြောင်း အဖွားကဆိုသည်။
စစ်ကောင်စီတပ်သားများ ရွာမှထွက်ခွာသွားပြီးဖြစ်သော်လည်း ယနေ့ ဇွန်လ ၂၆ ရက်အနေ့အထိ ကညုံကျွန်းရွာသားများ နေရပ်မပြန်ရဲကြသေးပေ။
ကညုံကျွန်းရွာမှ ထွက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဖမ်းသွားသည့် အသက် ၄၆ နှစ်အရွယ် ကညုံကျွန်းရွာသားတစ်ဦးကိုလည်း လည်လှီးသတ်ဖြတ်ကာ လောင်းလုံးမြို့နှင့် စစ်ပြဲကျေးရွာကြားရှိ ဆီအုန်းတောထဲ အလောင်းစွန့်ပစ်ထားခဲ့ကြသည်ကို ယနေ့ဇွန်လ ၂၆ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာရှိ နေအိမ်များအား ရိုက်ဖျက်မွှေနှောက်ရှာဖွေကာ ဆိုင်ကယ်အပါအဝင် အဖိုးတန်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့သေးသည်။