ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်ဒေသခံများ ဆေးဝါးမလုံလောက်မှုကြုံနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်း၊ ညင်းမော်၊ လေးသွန်းခံ၊ ကထောင်းနီနှင့် စစ်ပြဲ စသည့် ကျေးရွာ ၇ ရွာက ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။
“စစ်မရှောင်ရတဲ့ အခြေအနေမှာတောင် ရပ်ရွာတွေမှာ ဆေးပေးခန်းတွေ မရှိတော့ဘူး။ ဆေးဝါးပြတ်လပ်တာတွေ၊ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့တစ်ခု၏ တာဝန်ခံက Dawei Watch သို့ ပြောသည်။
စစ်ဘေးရှောင်များတွင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများ အဖြစ်များနေကြောင်း ၎င်းက ဆိုသည်။
“မိုးရာသီဆိုတော့ နေရာကွက်ကြား ကလေး ၊ လူကြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ပြည်သူတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစပြီး လောင်းလုံးမြို့အနီးရှိ လက်ခတ်တောင်စခန်း၊ မြို့ထဲရှိ စစ်ကောင်စီတပ်တို့နှင့် တောင်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးချိန်မှ ယနေ့ ဇွန်လ ၂၆ ရက်အထိ ဒေသခံများ စစ်ဘေးရှောင်နေရသည်။
အထက်ပါကျေးရွာများတွင် ဆေးဝါးသယ်ယူခွင့်ကန့်သတ်ခံထားရသည့်အပြင် လျှပ်စစ်မီးဖြတ်တောက်ခံထားရခြင်း၊ စက်သုံးဆီ ဝယ်ယူမှုကန့်သတ်ခံရခြင်းများလည်း ကြုံနေရကြောင်း ဒေသခံအချို့က ဆိုသည်။
ယနေ့ ဇွန်လ ၂၆ ရက်အထိ မေးမြန်းချက်အရမူ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း မရှိတော့သဖြင့် ဒေသခံစစ်ရှောင်အများစု နေရပ်ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် မေလတစ်လအတွင်း တိုက်ပွဲ၊ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ရှစ်သောင်းကျော်အထိရှိခဲ့ကြောင်း FE5 Tanintharyi သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။