လောင်းလုံးမြို့နယ် ကညုံကျွန်းရွာက အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်အလောင်းစွန့်ပစ်ထားကြောင်း ဒေသခံအချို့နှင့် မိသားစုဝင်တို့ထံမှ သိရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ ကညုံကျွန်းရွာသား အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင် (ခေါ်) ဦးမျိုးကြံအောင် ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ရက်မှစတင်ကာ လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာ၊ ထိုမှတစ်ဆင့် ကညုံကျွန်း ကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထိုသို့စစ်ကြောင်းထိုးလာချိန် လမ်းတစ်လျှောက်ရှိ ဒေသခံ တစ်ရာခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲတွင် ဦးမျိုးဇော်အောင် လည်း ပါဝင်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
“စစ်တပ်ရွာထဲဝင်လာတော့ ညီအစ်ကိုနှစ်ယောက်အတူတူပဲ ပြေးကြတာ။ နောက်မှ လူချင်းကွဲသွားပြီး (ဦးမျိုးဇော်အောင်) သူအဖမ်းခံလိုက်ရတာ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာတွင် ဆယ်ရက်ခန့် တပ်စွဲနေထိုင်ခဲ့သည်။ ဇွန်လ ၂၄ ရက်တွင်မူ လောင်းလုံးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကညုံကျွန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် လောင်းလုံးမြို့ဘက်သို့ ပြန်လာခဲ့သည်။
ယင်းကဲ့သို့ ပြန်လာချိန်တွင် စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဦးမျိုးဇော်အောင်ကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၆ ရက်တွင်မူ ဦးမျိုးဇော်ကို၏ ရုပ်အလောင်းကို စစ်ပြဲကျေးရွာနှင့် လောင်းလုံးမြို့ကြားရှိ ဆီအုန်းတောထဲတွင် ပြန်လည်ရှာတွေ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
Dawei Watch က တွေ့ရှိခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင်ထဲတွင် အနက်ရောင်ဘောင်ဘီတိုနှင့် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဆီအုန်းတောအတွင်း ပက်လက်အနေအထား သေဆုံးနေသည်ကို တွေ့ရသည်။
ယင်းအပြင် လည်ပင်းတွင် ပြတ်ရှဒဏ်ရာကြီးတစ်ခုကိုလည်းတွေ့ရှိခဲ့ရသည်။
“သူက အရက်သောက်ပြီးရင် စိတ်ပုံမှန်မဟုတ်တော့ဘဲ ပြောချင်ရာလျှောက်ပြောတတ်တယ်။ အဲဒါကြောင့်ပဲ သတ်ပစ်လိုက်ကြတာလားမသိဘူး” ဟု ဒေသခံတစ်ဦးကပြောဆိုသည်။
အလောင်းနှင့် မနီးမဝေး ဆီအုန်းပင်ရင်းတွင်မူ ဓားတစ်ချောင်းနှင့် ဓားအိမ်တစ်ခုကိုတွေ့ရှိခဲ့ရကြောင်း အလောင်းသွားရောက် သယ်ဆောင်လာသူအချို့က ပြောသည်။
ရုပ်အလောင်းကို စွန့်ပစ်ထားသည့် ဆီအုန်းတောထဲမှ သယ်ဆောင်လာပြီး ယနေ့တွင်ပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီတပ်က ဖမ်းသွားသည့် ဒေသခံတစ်ရာခန့်ကိုမူ ဇွန်လ ၂၅ ရက်က ပြန်လွှတ်ပေးခဲ့သော်လည်း ကညုံကျွန်းရွာသား သုံးဦးကိုမူ ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အင်ဇောက်ရွာသူတစ်ဦးကို ပစ်သတ်ခဲ့သည်။
ထိုနှစ် အောက်တိုဘာလကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အောက်ရေဖြူရွာသား ကိုမင်းကို အပါအဝင် ဒေသခံငါးဦးကို ပစ်သတ်ခဲ့သေးသည်။