BREAKING
October 20, 2025

လာမည့်အပတ် အီရန်နှင့် အဏုမြူဆွေးနွေးပွဲ လုပ်မည်ဟု ထရမ့်ပြော

June 26, 2025

ပုံစာ - အီရန်၏ တိုက်ခိုက်မှုဒဏ်ခံခဲ့ရသည့် အစ္စရေးနိုင်ငံတစ်နေရာကို ဗုဒ္ဓဟူးနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AP /Ariel Schalit

လာမည့်အပတ်တွင် အီရန်နှင့် အဏုမြူလက်နက်ကိစ္စ ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၅ ရက်နေ့က ပြောဆိုလိုက်သည်။

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အဏုမြူစီမံကိန်းများကို လုံးဝဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ထရမ့်က ဆိုသော်လည်း အီရန်အဏုမြူလက်နက် ထိန်းချုပ်ရေးသဘောတူညီချက်တစ်ခု ရကောင်းရနိုင်သည်ဟုပါ ပြောဆိုလာခြင်း ဖြစ်သည်။

“သူတို့ ( အီရန်) အနေနဲ့ အချိန်အတော်ကြာတဲ့အထိ အဏုမြူဗုံးတွေ တည်ဆောက်မှာ မဟုတ်ဘူး” ဟု ထရမ့်က ပြောသည်။

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အဏုမြူစီမံကိန်းများ ဆယ်စုနှစ်များစွာကြာအောင် နောက်ပြန်ဆုတ်သွားခဲ့ပြီဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

၎င်း ကြေညာခဲ့သည့် အစ္စရေး-အီရန် အပစ်ရပ်ရေးမှာလည်း ကောင်းကောင်းအလုပ်ဖြစ်နေသည်ဟု ထရမ့်က ပြောသည်။

အစ္စရေးနှင့် အီရန်နှစ်နိုင်ငံစလုံးသည် ခြေကုန်လက်ပန်းကျနေကြကြောင်း ၊ အမေရိကန်အနေဖြင့် နောက်အပတ်တွင် အီရန်နှင့် အဏုမြူလက်နက်ကိစ္စ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်သမ္မတ မာဆူးဒ်ပက်ဇက်ရှ်ကီယန်ကလည်း ၎င်းတို့၏ အဏုမြူစီမံကိန်းများနှင့်ပတ်သက်၍

ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

အီရန်အနေဖြင့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်များအတွက်သာ အသုံးပြုသွားမည်ဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။

အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရမီအထိ အစ္စရေးက အီရန်၏ အဏုမြူစီမံကိန်းနှင့် စစ်ဘက်ဆိုင်ရာတည်နေရာများကို ၁၂ ရက်ကြာ တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း အစ္စရေးနိုင်ငံတွင်းသို့ မစ်ဆိုင်းဒုံးအမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့်အပတ်တွင် အမေရိကန်က အစ္စရေးဘက်မှ ဝင်ရောက်ပူးပေါင်းကာ အီရန်၏ အဏုမြူစီမံကိန်းတည်နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းနောက် အင်္ဂါနေ့တွင် ထရမ့်က အစ္စရေးနှင့် အီရန် အပစ်ရပ်ကြောင်း ကြေညာခဲ့သည်။

Source: Agencies/fs/ec