BREAKING
October 18, 2025

ကပ္ပလီပင်လယ်ပြင်တွင် ငလျင်လေးကြိမ် လှုပ်ခဲ့ဟု မိုးဇလထုတ်ပြန်

June 26, 2025

ကပ္ပလီပင်လယ်ပြင်ရှိ နီကိုဘားကျွန်း(အိန္ဒိယဧရိယာ) အနီး ပင်လယ်ပြင်တွင် ဇွန်လ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် ငလျင် လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၄ ရက် ည ၆ နာရီနှင့် ၈ နာရီ အကြားတွင် နှစ်ကြိမ်၊ ဇွန်လ ၂၅ ရက် နံနက် ၈နာရီနှင့် ည ၇ နာရီ အကြားတွင် နှစ်ကြိမ် စုစုပေါင်း လေးကြိမ် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကဆိုသည်။

လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ စောက်အနက်သည် ဆယ်ကီလိုမီတာခန့်စီရှိကြပြီး ငလျင်ပြင်အားသည် အင်အားအနည်းငယ်ရှိသော ရစ်(ခ)တာစကေး ၄ဒသမ၇ မှ အင်အားအသင့်အတင့်ရှိသော ရစ်(ခ)တာစကေး ၅ဒသမ၁ အကြားတွင် ရှိကြောင်း မိုးဇလ ၏ ငလျင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် နေရာများသည် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မှ ရေမိုင် ၃၀၀ ကျော် အကွာတွင် တည်ရှိပြီး ရန်ကုန်၊ ကမ္ဘာအေးမြေငလျင်စခန်းနှင့် တောင်-အနောက်တောင်ဘက် မိုင် ၅၀၀ ကျော် အကွာအဝေးရှိကြောင်း မိုးဇလ၏ တိုင်းတာချက်အရသိရသည်။

ငလျင်လှုပ်ခတ်သည့် အခြေအနေနှင့်ပတ်သက်၍ ကော့သောင်းမြို့ခံများအား ဆက်သွယ်မေးမြန်းကြည့်ရာ ငလျင်၏သက်ရောက်မှုကို မခံစားခဲ့ရကြောင်း ဆိုသည်။

ယခုနှစ် ဧပြီလ ၂ ရက်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ မြန်မာ့ပင်လယ်ပြင်တွင် အင်အားအသင့်အတင့်ရှိသော ရစ်(ခ်)တာစကေး ၅ဒသမ၁ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။

မြန်မာနိုင်ငံ တွင် မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့သည့် စကိုင်း ငလျင်ကြီး ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်နေသည့် ငလျင် အကြိမ်ရေ ၁၉၄ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးဇလ ၏ ဇွန်လ ၂၅ ရက်အထိ မှတ်တမ်းအရ သိရသည်။