BREAKING
May 27, 2025

ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

May 26, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်သည်။

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့များမှ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းလိုက်ခြင်းဖြစ်သည်။

သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။

ယင်းကြောင့် ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွေ့ဆုံပြီး ကွန်ရက်ဖွဲ့ရသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

DW ။ ဘာကြောင့် သွေးလှူရှင်အသင်းများ ကွန်ရက်ကို ဖွဲ့စည်းဖြစ်တာလဲ ။

ဖြေ ။ နံပါတ် ၁ ချက်အနေနဲ့ မီဒီယာပေါ် လိုင်းပေါ်မှာပျံနှံ့နေတဲ့ သွေးလှူတဲ့အပေါ်မှာ ကားဆီဖိုး၊အလှူရှင်အတွက် အအေးဖိုးတောင်းခံနေတာ ဆိုပြီး တက်လာတော့ မြို့ပေါ်မှာလည်း တော်တော်ဂယက်ထသွားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မူတစ်ခုနဲ့အားလုံးသွားလို့ရအောင် ဖွဲ့စည်းခဲ့တာမျိုးပါ။

DW ။ မိတ်ဖက်အသင်းတွေရော ဘယ်လိုစုဖွဲ့ဖြစ်တာလဲ။

ဖြေ ။ မီဒီယာမှာပါလာတဲ့ဂယက်ပေါ့။ ကျန်တဲ့ အသင်းတွေကလည်း ဖုန်းဆက်လာ မေးကြတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒါကတော့ ဒီလိုမဖြစ်သင့်ဘူးဆိုတာမျိုးလာပြောပြကြတယ်။ကျွန်တော့်ရုံးမှာပဲ သွေးလှူရှင်တွေရယ် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သွေးလှုရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်တာပါ။ စကတည်းက လက်တွဲပြီးလုပ်ခဲ့ကြတာဖြစ်တဲ့အတွက် ဘယ်ကိစ္စမျိုးမှာမဆို အမြဲတမ်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်ကူညီပေးနေကြတယ်ဆိုတော့ အားလုံးဟာစိတ်တူကိုယ်တူ ရှိကြတယ်။ အားလုံးက ခဲရာခဲဆစ်စည်းရုံးရတာမရှိဘူး။

DW ။ ကွန်ရက်ဖွဲ့လုပ်ဆောင်တဲ့ပုံစံက ဘယ်လိုမျိုးလဲ။ အရင်ထက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ပိုရှိလာနိုင်မလဲ။

ဖြေ ။ ဝါးခြမ်းဟာ တစ်ခြမ်းတည်းဆို ချိုးလို့ အလွယ်ကျိုးနိုင်တယ်။ ဝါးခြမ်းပေါင်းများစွာပေါင်းပြီး ဝါးစည်းဖြစ်သွားတဲ့အချိန်မှ အလွယ်တကူ ချိုးလိုမရတော့ဘူးပေါ့။ တစ်သင်းတစ်ဖွဲ့တည်း သွားနေမယ်ဆိုရင် သူ့အသင်း သူ့မူနဲ့ဖြစ်နေမှာလေ။ အခုကအားလုံးပေါင်းလိုက်တဲ့ အခါကျတော့ မူတစ်ခုအောက်မှာ စုစုစည်းစည်းဖြစ်သွားမယ်ပေါ့နော်။ ဥပမာ သွေးလိုအပ်တဲ့ လူနာရှင်ဆီက အလှူမခံရဆိုရင် ကွန်ရက်ထဲက အဖွဲ့အားလုံးက အလှူမခံရဘူးပေါ့။ အခုဆိုရင် ကွန်ရက်ဖွဲ့ထားတဲ့အသင်းတွေအားလုံး အသင်းရဲ့အနေထားအလိုက် ရန်ပုံငွေ တစ်ရပ် စုပေါင်းထည့်ဝင်ထားကြတာ ရှိတယ်။ အဲဒီရန်ပုံငွေတွေ ဘယ်မှာအသုံးပြုမလဲဆိုရင် သွေးလှူရှင်အတွက် အဟာရထောက်ပံ့ ပေးတဲ့နေရာ တွေမှာ သုံးမယ်။ ဘာကြောင့်လဲဆိုရင် လူနာရှင်တွေအနေနဲ့ ဒီကိစ္စကို မပူပင်ရအောင်။ နောက်ပြီးကွန်ရက်ထဲက အသင်းတွေအနေနဲ့လည်း သွေးလှူရှင် ကြိုပို့ သွားတဲ့အခါမှာစရိတ်အနေနဲ့ ကုန်ကျတာရှိရင်လည်း ဒီရန်ပုံငွေတစ်ရပ်ထဲက စိစစ်သုံးမယ်။ လူနာရှင်အပေါ်မှာ ဘာကြေး၊ညာကြေး အလှူခံရတာမျိုး လုံးဝမရှိအောင် ဒီမူနဲ့ပဲသွားကြမယ်။

DW ။ သွေးနဲ့ပတ်သက်ပြီး မသမာမှုတွေကရှိခဲ့ဖူးတယ်ဆိုတော့ နောက်ထပ်ပေါ်လာခဲ့ဦးမယ်ဆိုရင် ကွန်ရက်အနေနဲ့ ဘယ်လို့အရေးယူဆောင်ရွက်မလဲ။

ဖြေ ။ သွေးလိုအပ်တဲ့သူက စေတနာအလျှောက် လှူဒါန်းပေးတဲ့ငွေကြေးကို လက်ခံတာကလွဲလို့ သွေးတစ်လုံးကို ဒီလောက်ပေးရမယ်။ ဘယ်လောက်ပေးရမယ်ဆိုပြီး သတ်မှတ် တောင်းယူတာမျိုးဆိုရင် ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာကိုတင်ပြပြီးသတိ‌ ပေးတာမျိုးရှိမယ်။ လှူတာကိုတော့လက်ခံပေးပါ။ ကိုယ့်အနေနဲ့ အလှူခံတာမျိုးမလုပ်ဖို့လိုတာပေါ့နော်။

တကယ်လို့ကွန်ရက်ထဲက ဒီလို လုပ်တာမျိုးရှိရင်တိုင်ကြားဖို့ ဖုန်းနံပါတ်တွေ ချပြပေးထားတယ်။ ကျွန်တော်တို့ ပထမသတိပေးမယ်။ နောက်ဆုံးကွန်ရက်ထဲကနေ ထုတ်ပယ်သွားတဲ့အထိ ကျွန်တော်တို့နယ်ပယ်အလိုက် ဆောင်ရွက်သွားတာမျိုးရှိပါမယ်။

DW ။ သွေးမသမာမှုတွေ သတင်းထွက်လာချိန်မှာ သိမ်းကျုံးပြီးအပြောခံရတာမျိုးရှိလား။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြုံရတာရှိလဲ။

ဖြေ ။ ပြန်ကြားရတာပေါ့ ဆေးရုံဝန်းကျင်မှာ လူနာရှင်တွေကဘာပြောလဲဆိုတော့ ငွေမပေးရင် သွေးတစ်ပုလင်းရဖို့ မလွယ်တော့ဘူးဆိုပြီး ပြောတာမျိုးတွေ ပြန်ကြားရတယ်။ ကားဆီဖိုးက ဘယ်လောက်၊သွေးလှူရှင်ကို အအေးပုလင်းဝယ်ပေးရတာက ဘယ်လောက် ရုံးအတွက် အလှူငွေကဘယ်လောက် ဘယ်လောက်ပေးရတယ်ဆိုပြီး ပြောနေတာမျိုးတွေ ပြန်ကြားရတယ်။အဲဒီလို ပြောနေဆိုနေကြတာတွေ ပြန်ကြားခဲ့ရလို့လည်း အခုလိုကွန်ရက်ဖွဲ့ပြီး လုပ်ဖို့ ဖြစ်လာတာပါ။

DW ။ သွေးလှူရှင်များကွန်ရက်နဲ့ပတ်သက်ပြီး လူထုကို ဘာတွေ ချပြချင်တာရှိလဲ။ အသိပေးချင်တာ ရောရှိလား။

ဖြေ ။ အများပြည်သူအနေနဲ့ သွေးလှူရှင်အသင်းများကွန်ရက်ဝင် သွေးလှူရှင်အဖွဲ့တစ်ဖွဲ့က တစ်ကယ်လို့ သွေးနဲ့ပတ်သက်ပြီး မသမာမှုပြုတာ၊ လူနာရှင်တွေအပေါ် အခကြေးငွေတောင်းခံတာမျိုးရှိရင် သွေးလူရှင်များကွန်ရက်ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉၇၇၇၇၈၂၇၇၁ နဲ့ ၀၉၄၂၂၂၂၅၄၂၇ ဖုန်းတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အသိပေးချင်ပါတယ်။