ရေဖြူမြို့နယ်၊ ကံပေါက်ရွာအခြေစိုက်အမှတ် စစ်ကောင်စီခြေလျင်တပ်ရင်း (၂၇၃) ၏ အနောက်ဘက်တောင်ကြောတွင် မေလ ၂၅ ရက် နေ့လယ်ပိုင်းက အဘိုးဖြစ်သူနှင့်အတူ မှိုသွားရှာသည့် ကလေးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးကြောင်း ရွာသားများက ပြောသည်။
ကံပေါက်ရွာ ၊ သီရီမင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၃နှစ်အရွယ် ယောင်္ကျားလေးသည် တောတောင်ထဲတွင် အလေ့ကျပေါက်သည့် ရာသီပေါ်ဟင်းသီးဟင်းရွက်များကို အဘိုးဖြစ်သူနှင့်အတူ သွားခူးကာရောင်းချလေ့ရှိကြောင်း ရွာသားများက ဆိုသည်။
“အရင်ကတည်းကလည်း အင်ဥ၊ မှို၊ စံပယ်ပန်း ရာသီအလိုက်ခူးပြီး ရွာထဲလှည့် ရောင်းနေတဲ့ကလေးပါ။ ရာသီပေါ် ရောင်းစရာမရှိရင် တံမြက်စည်းလည်းရောင်းတယ်။ အခုလိုဖြစ်သွားတော့ တော်တော်စိတ်မကောင်း ဖြစ်တယ်။ ဝမ်းရေး အတွက် ကိုယ့်ရပ်ကိုယ့်ရွာထဲတောင် ရှာဖွေစားသောက်ရခက်လာပြီ” ဟု ကံပေါက်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့် ကလေးသည် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သည့် ကံပေါက် ရေကန်တောင်တိုက်ပွဲပြီးနောက် ခလရ ၂၇၃ တပ်ရင်း ပတ်ဝန်းကျင် ရှိ ရွာပတ်လမ်းများကို စစ်ကောင်စီက ပိတ်လိုက်ပြီး တပ်ရင်းအနီးသို့ မလာကြရန် နှုတ်ဖြင့် သတိပေးတားမြစ်ဖူးကြောင်း သီရီမင်္ဂလာရပ်ကွက်နေသူများက ပြောဆိုသည် ။
၂၀၂၄ ခုနှစ် နှောင်းပိုင်းကစ၍ ကံပေါက်တိုက်နယ်တွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဥ်များ စရှိလာပြီး မိုင်းနင်းမိမှု သုံးကြိမ် ဖြစ်ကာ ဒေသခံ လေးဦးဒဏ်ရာရသည်။