မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့်တွေ့ဆုံပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဆွေးနွေခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီအဖွဲ့က ထုတ်ပြန်သည်။
တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုဦးဆောင်သည့်အဖွဲ့နှင့် အိန္ဒိယသံအမတ်ကြီး Abhay Thakur တို့ မေလ ၂၄ ရက်တွင် ထားဝယ်မြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်မြောက်လာရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် တိုင်းအတွင်းရှိ ကမ်းခြေများအခြေအနေ၊ ရော်ဘာ၊ သီဟို၊ ရေထွက်ကုန်များ၊ လျှပ်စစ်မီးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယသံရုံးဘက်ကမူ ဦးမြတ်ကိုနှင့် အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဆွေးနွေးခဲ့သည့်အကြောင်းမပါဝင်ပေ။
အိန္ဒိယသံအမတ်ကြီးသည် ထားဝယ်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ အိန္ဒိယနွယ်ဖွားများနှင့် တွေ့ဆုံခဲ့ကြောင်းသာ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရုတ်၊ ရုရှားသံအမတ်ကြီးများလည်း တနင်္သာရီတိုင်းသို့ ဇန်နဝါရီလထဲ ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပြီး ဦးမြတ်ကိုနှင့် တွေ့ဆုံခဲ့ကြသည်။
အိန္ဒိယသံအမတ်ကြီးသည် ထားဝယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ထားဝယ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်လည်းတွေ့ဆုံပြီး ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေး အလားအလာများကို ဆွေးနွေခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် ချင်း၊ စစ်ကိုင်း၊ ရခိုင်ပြည်နယ်တို့ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းအားလုံးနီးပါးကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့က ထိန်းချုပ်ထားချိန် အိန္ဒိယသံအမတ်ကြီးက တနင်္သာရီတိုင်းတွင် ကမ်းရိုးတန်းကုန်သွယ်ရေးကိစ္စ လာရောက်ဆွေးနွေး ပြောဆိုလာခြင်းဖြစ်သည်။
မေလ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တော်လှန်ရေးတပ်သား ဆယ်ဦးကို အိန္ဒိယစစ်တပ်က မြန်မာပိုက်နက်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့သည်။
ယင်းအမှုကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်သူများက အိန္ဒိယအစိုးရကို ဝေဖန်နေကြပြီး အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည်။