မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ
တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို စစ်ကောင်စီပြန်ရ

တရုတ်ကြားဝင်ဖိအားပေးစေ့စပ်မှုနဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့်ရပါတယ်။
ရှစ်လကျော်ကြာ သိမ်းယူထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်တွေ ထွက်ခွာသွားပြီးနောက် ဧပြီလ ၂၂ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားအစီးရေ ရာနဲ့ချီ လားရှိုးမြို့ထဲ ပြန်လည်ဝင်ရောက်နေရာယူလိုက်ပါတယ်။ လားရှိုးမြို့ကို ပြန်လွှဲပြောင်းရေးအတွက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်ဘက်က ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့လည်း ရောက်ရှိနေပါတယ်။
စစ်ကောင်စီဟာ ရပ်ကွက် ၁၂ ခုရှိတဲ့ မြို့ပေါ် ကို အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး မြို့ဘေးပတ်ပတ်လည်နဲ့ ကျေးရွာတွေကိုတော့ ကိုးကန့်တပ်က အုပ်ချုပ်မယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်တွေအရ သိရပါတယ်။ မြို့ထဲကို ပြန်လည်ဝင်ရောက်ပြီးနောက် မြို့အဝင်အထွက်ဂိတ်မှာ ကားတွေဆီကနေ စစ်ကောင်စီတပ်က ငွေကြေး စတင်ကောက်ခံ နေပြီး မြို့အပြင်မှာတော့ ကိုးကန့်တပ်က ကောက်ခံတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက လားရှိုးမှာ ကောင်စစ်ဝန်ရုံးခွဲဖွင့်ပြီး ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သိရပါတယ်။ လားရှိုး ကို အုပ်ချုပ်ရေး ခွဲဝေလွှဲပြောင်းမှုဟာ မြန်မာနိုင်ငံအရေးမှာ တရုတ်ရဲ့အရေးပါမှု အထင်ရှားဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။ တရုတ်အစိုးရဘက်ကတော့ မြန်မာပြည်တွင်းရေး ဝင်စွက်တာမဟုတ်ဘူးလို့ တုံ့ပြန်ထားပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်း ပေးအပ်တာကို မျက်မြင်သက်သေခံသွားမယ်လို့ ဆိုထားပါတယ်။
လားရှိုးမြို့လွှဲပြောင်းပေးတာနဲ့ ပတ်သက်လို့ မြို့ခံတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပြီး အုပ်ချုပ်မှုပုံစံသစ် ဘယ်လို ဖြစ်လာမလဲဆိုတာလည်း စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေဘက်ကတော့ အခုလွှဲပြောင်းမှုနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေကြဆဲဖြစ်ပါတယ်။
……………………………………..
မန္တလေးနဲ့ စစ်ကိုင်းမှာ ဧပြီလအတွင်း လေကြောင်းဗုံးကြဲလို့ လူ ၆၀ ထက်မနည်းသေဆုံး

မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အခုဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည် ၆၀ ထက်မနည်းသေဆုံးတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
မန္တလေးတိုင်းမှာ ဧပြီလ ၁ရက်ကနေ ၁၉ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာ အရပ်သားပြည်သူ အနည်းဆုံး ၄၁ဦးသေဆုံးပြီး ၅၈ဦးထက်မနည်း ဒဏ်ရာရတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းမှာဆိုရင် ဧပြီလ ၂၅ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ ဦးသေဆုံးတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် သင်္ကြန်ကာလနဲ့ အခုသီတင်းပတ်အတွင်းတွေမှာ ကရင်၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ရခိုင်၊ ကရင်နီ (ကယား) ၊ ရှမ်းမြောက် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိခဲ့ပါတယ်။
ဆေးပေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးရွာတွေ စတဲ့ အရပ်သားပြည်သူများစွာရှိတဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရဟန်း၊ ကိုရင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ များစွာ ပါဝင်တာ တွေ့ရပါတယ်။ ငလျင်ဒဏ်ကြောင့် ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပြီး နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာလည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။
……………………………………..
ငလျင်ဒဏ်ခံရတဲ့ ကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေခိုင်း

ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ပြိုကျပြီးမီးလောင်ရာကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် ကျောင်သား၊ ကျောင်းသူတွေကို စစ်ကောင်စီက စာမေးပွဲ ပြန်ဖြေခိုင်းနေပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ကချင်စတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာတွေ ပျက်စီးသွား တာကြောင့် အဲဒီဒေသတွေမှာ ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ စာမေးပွဲပြန်ကျင်းပမယ်လို့ ကြေညာပါတယ်။ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ ကျောင်းသားထုအပေါ် မတရားတဲ့ ဖြေရှင်းချက်ပဲ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေက ကန့်ကွက်ထားကြပါတယ်။
ကျောင်းသားထုဟာ ငလျင်ဒဏ်ကိုလည်း တောင့်ခံရ၊ နောက်ဆက်ဆွဲငလျင်တွေကြောင့် စာရေးနေရေး ပူပန်နေရချိန်မှာ စာမေးပွဲဖိအားပါ ထပ်ခံရဦးမယ်လို့ ထောက်ပြကြပါတယ်။ ဦးနုအစိုးရလက်ထက်က မေးခွန်းပေါက်လို့ ကျောင်သားထုကို တပြေးညီအအောင်ပေးခဲ့တဲ့ အဖြစ်အပျက်ကို စဉ်းစားရမှာဖြစ်သလို တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ ရွေးချယ်တဲ့ ပညာရေးစနစ်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက်၊ သာသာရပ်အလိုက် လိုအပ်တဲ့ စိစစ်မှုတွေ လုပ်တဲ့ စနစ်ကို ပြောင်းလဲဖို့လည်း တိုက်တွန်းမှုတွေ ရှိပါတယ်။
……………………………………..
ငလျင်ဘေးသင့်သူ လေးသန်းကျော် အကူအညီအရေးပေါ်လို

မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်သူ ၄ဒသမ ၃သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် ရေပေးဝေရေးစနစ်တွေ ပျက်စီးကုန်တဲ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်သူ လူဦးရေ နှစ်သန်းလောက် ထပ်တိုးလာတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
သန့်ရှင်းတဲ့ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာမရှိဘဲ နေထိုင်နေရသူတွေ အများအပြားရှိနေပြီး လမ်း၊ အခြေခံအဆောက်အဦနဲ့ ဆက်သွယ်ရေးစနစ်တွေ ချို့ယွင်းမှုကြောင့်လည်း အကူအညီတွေ ငလျင်ဘေးသင့်သူတွေဆီ ရောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ငလျင်ဘေး မတိုင်ခင်ကပင် လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေးတွေကြောင့် လူသားချင်းစာနာတဲ့ အကူအညီလိုအပ်နေသူ သန်း ၂၀ နီးပါး ရှိနေတဲ့ မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်ကြောင့်လည်း မြန်မာပြည်သူ ၁၇ သန်းကျော် ထပ်မံ ထိခိုက် စေခဲ့တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
……………………………………..
ငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်ကျဉ်း ၂၀ အပါ အကျဉ်းသား ၃၀ ထက်မနည်းသေဆုံး

ငလျင်ကြောင့် မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀ ဦးအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၃၀ ထက်မနည်သေဆုံးပြီး ၂၈၀ ကျော် ဒဏ်ရာရတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့အဖွဲ့ ၇ဖွဲ့က ဧပြီလ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။
ထောင်အတွင်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို စစ်ကောင်စီက သတင်းအမှောင်ချထားပြီး ငလျင်ဒဏ်ခံရတဲ့ နိုင်ကျဉ်းတွေဟာ ထောင်တွင်းဆေးကုသမှု အလုံအလောက်မရသလို ဖိနှိပ်ခြိမ်းခြောက်မှုတွေကိုပါ ခံနေကြရတယ်လို့ ဖော်ပြပါတယ်။
ငလျင်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ ထောင်အဆောက်အအုံတွေအတွင်း ဝင်ရောက်နေထိုင်ဖို့ အတင်းအကျပ် ခိုင်းစေမှုတွေ ကြုံနေရပြီး နောက်ဆက်တွဲ ငလျင်တွေကြောင့် အချိန်မရွေး သေဆုံးနိုင်ခြေရှိနေတယ်လို့လည်း ဆိုပါတယ်။
……………………………………..