BREAKING
May 1, 2025

စခန်းကြီးသုဓမ္မာ ပဝါရဏာဂိုဏ်း ဂိုဏ်းချုပ် မော်ကြီးဆရာတော် ပျံလွန်တော်မူ

April 26, 2025

ပုံစာ - မော်ကြီး ဆရာတော် သက်တော် ၉၃ နှစ်အရွယ် က တွေ့ရစဥ် ။ ဓာတ်ပုံ - တပည့်တကာတစ်ဦး။

စခန်းကြီးသုဓမ္မာ ပဝါရဏာဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည့် ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာ မော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသသည် ဧပြီလ ၂၅ ရက် နံနက် ၆ နာရီခန့်က ပျံလွန်တော်မူကြောင်း တပည့်တကာ၊ တကာမများထံမှသိရသည်။

ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ် ၊ သိက္ခာတော် ၇၄ ဝါရှိပြီး လူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

၂ဝ၂၁ ခုနှစ်က ပျံလွန်တော်မူခဲ့သည့် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ၁၀ ပါးမြောက်ဂိုဏ်းချုပ် တောင်မင်းပြောင်ကျောင်းကြီး ဆရာတော်ပြီးနောက် မော်ကြီးဆရာတော်သည် ၁၁ ပါးမြောက်ဂိုဏ်းချုပ် ဖြစ်ခဲ့သည် ။

ယင်းအပြင် မော်ကြီးဆရာတော်သည် စခန်းကြီးသုဓမ္မာ ဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည့် ဟိန္ဇဲ (ကံပေါက်ဒေသ) သုဓမ္မာဂိုဏ်းတွင်လည်း အကြီးအကဲဖြစ်ကြောင်း ဂိုဏ်းဝင် ဒေသခံသံဃာတော်များထံမှ သိရသည်။

ဧပြီလ ၂၉ ရက်တွင် နိဗ္ဗာန်စံကျောင်းချ အခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းတိုက်ဂေါပကအဖွဲ့ထံမှ သိရသည်။

“အရင်ဆုံး မှန်အခေါင်းတလားသွင်းပြီး နိဗ္ဗာန်စံကျောင်းချပြီး အပူဇော်ခံထားရှိမယ်။ နိဗ္ဗာန်စံကျောင်းက ဆရာတော် ပျံလွန်တော်မမူခင်ကတည်းက ကျောင်းတိုက်ဝင်းထဲမှာ ဆောက်ထားပါတယ်။ မီးသင်္ဂြိုဟ်မယ့် အန္တိမအဂ္ဂိစျာပနက လာမယ့် ပြာသိုလလောက်မှ ကျင်းပမယ်လို့ လျာထားပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စခန်းကြီးသုဓမ္မာ ပဝါရဏာဂိုဏ်းကို ရေဖြူနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ရာကျော် ဖြင့် ဖွဲ့စည်းထားသည်။