မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ရွာအနီး ကြက်ယက်ကန်းဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က မတ်လ ၂၅ရက် ညနေ ၄နာရီတွင် ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရသူမှာ သကန်တောင်ပုရွာသား အသက် ၄၀ ဝန်းကျင် အမျိုးသားဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒရုန်းဗုံးက အိမ်ပေါ်ကျပြီး တစ်ယောက် ဒဏ်ရာရသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
ကြက်ယက်ကန်းဘုရားတောင်နှင့် သကန်တောင်ပုရွာသည် ဆိုင်ကယ်ဖြင့် သွားလျှင် ခုနစ်မိနစ်ခန့်သာ ကြာမြင့်ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ပြီး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အိမ်လည်းပျက်စီးပြီး လူလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
“လူနာကိုတော့ မြိတ်ဆေးရုံကို ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၂၃ရက် နံနက်ကမူ ကြက်ယက်ကန်းဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး ယနေ့ ညပိုင်းတွင် ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။







