အသက် ၇၀ အရွယ် ဦးအောင်တစ်ယောက် မနက် ၄ နာရီလောက် အိပ်ရာထ၊ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ မနက်စာကို အလောတကြီး စားလိုက်ပါတယ်။
ပုံမှန်ဆို ဘုရား၊တရား အာရုံပြုပြီး နိုးထခွင့်ရသော်လည်း လတ်တလောမှာတော့ လောဘ၊ ဒေါသ တွေနဲ့ နံနက်ခင်းတစ်ခုကို ဖြတ်သန်းရပါဦးမယ်။
ရေဘူး၊ အပေါ်ဝတ်အင်္ကျီ၊ ဦးထုပ်၊ မျက်မှန်တို့ကို ယူလိုက်ပြီး ဆိုင်ကယ်စက်နှိုး အလောတကြီး ထွက်လာခဲ့တာက ထားဝယ်မြို့ထဲက စက်သုံးဆီဆိုင်တစ်ဆိုင်ဆိုင်ကိုပါ။
မနက် ၅ နာရီကျော်ကျော်လောက်မှာတော့ ထားဝယ်မြို့ထဲက စက်သုံးဆီဆိုင်ကြီးတစ်ဆိုင်ရှေ့ကို ရောက်သွားပေမယ့် ဆိုင်ကမဖွင့်သေးပါဘူး။ ကိုယ့်ထက် ဝီရိယကောင်းတဲ့သူ ဆယ်ဦးလောက်ကတော့ ဆိုင်ရှေ့မှာ ကြိုရောက်ပြီး တန်းစီနေကြပါပြီ။
ဒီလိုလုပ်နေရတာ အခုဆို တစ်ပတ်ကျော်လောက် ရှိလာပါပြီ။ အိမ်မှာ သားသမီး၊ မြေးတွေက သူ့အလုပ်နဲ့သူ၊ သူ့ကျောင်းနဲ့သူ ဆိုတော့ စက်သုံးဆီဆိုင်ရှေ့လာပြီး အချိန်ကုန်ခံ တန်းစီနေဖို့ မအားကြပါဘူး။ အသက် ၇၀ နားနီးလာပြီဆိုပေမယ့် အိမ်မှာ အားနေတာဆိုလို့ သူပဲရှိတာကြောင့် ဦးအောင်ကပဲ ဒီအလုပ်ကို ကိုယ့်သဘောနဲ့ကိုယ် တာဝန်ဝင်ယူပေးနေတာပါ။
သားသမီးတွေ အလုပ်သွားဖို့နဲ့ မြေးတွေ ကျောင်းသွားဖို့အတွက် စက်သုံးဆီက မရှိမဖြစ် လိုအပ်ပါတယ်။ လိုအပ်တဲ့ စက်သုံးဆီမရရင် တစ်နေ့တာအတွက် ကမောက်ကမတွေ ဖြစ်ကုန်တော့မှာပါ။
ဦးအောင်လိုပဲ ထားဝယ်ဒေသ ပြည်သူတွေဟာ နေ့တိုင်းနေ့တိုင်း စက်သုံးဆီရဖို့အရေးပဲ တစ်နေကုန် လုံးပမ်းနေကြရတာပါ။
ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တဲ့ အီရန်၊ အမေရိကန် နဲ့ အစ္စရေးတို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်ကမ္ဘာလုံး ရေနံအကျပ်အတည်း ဆိုက်ရောက်နေပါပြီ။
ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ နိုင်ငံအသီးသီးက အစိုးရတွေက နည်းလမ်းမျိုးစုံ မူဝါဒမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။
မြန်မာနိုင်ငံမှာလည်း အာဏာသိမ်း စစ်အုပ်စုက ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ မူဝါဒမျိုးစုံ ချမှတ်လာပါတယ်။ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၅ ရက်နေ့ကမှ ရန်ကုန်တက္ကသိုလ်ကြီးက ဂုဏ်ပြုချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ကြီးကို ပူပူနွေးနွေးရယူထားသူပါ။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လောင်စာဆီအကျပ်အတည်းကို ပြည်သူလူထုထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်နေတာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။
ပြည်သူ့ရေးရာ စီမံဒေါက်တာကြီးဦးဆောင်တဲ့ စစ်အုပ်စုက ချမှတ်လိုက်တဲ့ မူဝါဒတွေကတော့ ပြည်သူလူထုကို ဒုက္ခနွံထဲနှစ်နေသလိုပါပဲ။
စုံ၊မ စနစ်နဲ့ ယာဉ်တွေကို တစ်ရက်ခြားထွက်ခိုင်းတာ၊ ဆီဆိုင်တွေမှာ Qr code စနစ်နဲ့ ဆီရောင်းခိုင်းတာ၊ ဆီလုပ်ငန်းရှင်တွေကို ဖမ်းတာ စသဖြင့် ကောင်းနိုးရာရာ နည်းလမ်းစုံနဲ့ စီမံမှုတွေ လုပ်ဆောင်နေကြတာပါ။
ဒီဒဏ်ကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းမှာလည်း ခံနေကြရပါပြီ။
နွေနေပူပူအောက်မှာ ဆီတန်းစီနေတဲ့ လူတန်းကြီးကို မြင်နိုင်သလို၊ မူးမေ့လဲကျသူတွေ၊ ဆီမရလို့ ကမ်းကပ်ထားရတဲ့ ငါးဖမ်းလှေတွေ၊ စိုက်ပျိုးဖို့ အခက်တွေ့နေတဲ့ တောင်သူတွေ၊ ရေအခက်အခဲ ကြုနေရသူတွေ စသဖြင့် လူတိုင်းကိုယ်စီ ဆီဒုက္ခကို ကြုံတွေ့နေကြရပါတယ်။
ဆီမှောင်ခိုစျေးကွက်မှာတော့ ဆီတစ်လီတာ ကျပ်သုံးသောင်းအထိတောင် ပေးဝယ်ရတဲ့ ဒေသတွေ ရှိလာပါပြီ။
ရက် ၄၀ စာအရံဆီနဲ့ လူတန်းရှည်
စစ်အုပ်စုရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းတစ်ယောက် မတ်လ ၄ ရက်က တီဗီကနေ မိန့်မိန့်ကြီး ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အရံစက်သုံးဆီ ရက် ၄၀ စာသိုလှောင်ထားတာကြောင့် စိတ်မပူကြပါနဲ့တဲ့။ ဒီလိုပြောအပြီးမှာ ဆီဆိုင်တွေမှာ လူတန်းရှည်ကြီးတွေ ဖြစ်ကုန်တာကတော့ တစ်နိုင်ငံလုံးအနှံ့ပါပဲ။
ထားဝယ်မြို့မှာတော့ မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး စက်သုံးဆီရဖို့ ပိုပြီး အခက်တွေ့လာတာပါ။ မြို့ထဲက စက်သုံးဆီဆိုင်အချို့ မရောင်းချပေးတော့လို့ပါ။
ပြဿနာရဲ့ အစကတော့ စစ်ကော်မရှင်က ကမ်းနားလမ်းက စက်သုံးဆီကုမ္ပဏီတွေကို ဝင်ရောက်စစ်ဆေးပြီး အကန့်အသတ်နဲ့မရောင်းရင် အရေးယူမယ်လို့ ဖိအားပေးလိုက်ရာကနေ စတင်တာပါ။
အရင်တုန်းက ကမ်းနားလမ်းဆီဘောကနေ အခြားလက်လီအရောင်းဆိုင်တွေကို ဖောက်သည်ပေးနိုင်ခဲ့လို့ မြို့ထဲက ဆိုင်တိုင်းမှာ ဝယ်လို့ရနေပါသေးပါတယ်။
အခုတော့ ကမ်းနားလမ်းဆီဘောကပါ အကန့်အသတ်နဲ့သာ ရောင်းပေးတော့တာကြောင့် အရင်ကလို ဒီဆိုင်မရရင် နောက်တစ်ဆိုင်ဝယ်မယ် ဆိုတာမျိုး မရတော့ပါဘူး။ ရောင်းပေးတဲ့ဆိုင်မှာ ကိုယ့်အလှည့်ရောက်တဲ့အထိ တန်းစီကြရပါတော့တယ်။ ဒါကြောင့်လည်း ဆီရဖို့တန်းစီနေကြတဲ့ လူတန်းကြီးက မတ်လ ၂၀ ရက်နောက်ပိုင်း ပိုပြီးရှည်လာပါတယ်။
နေပူပူအောက် တန်းစီကြသူများ
အများသုံး သယ်ယူပို့ဆောင်ရေးစနစ် မရှိတဲ့ တနင်္သာရီတိုင်းက ပြည်သူတွေဟာ အလုပ်သွားဖို့၊ ကျောင်းကြိုပို့လုပ်ဖို့ စတဲ့ နေ့စဉ်ဘဝတွေအတွက် ကိုယ်ပိုင်ဆိုင်ကယ်တွေကိုသာ အဓိက အားကိုးနေကြရတာပါ။ အဲဒီအတွက် စက်သုံးဆီက မဖြစ်မနေ လိုအပ်ပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံတစ်ဝန်း လောင်စာဆီပြတ်လပ်မှုနဲ့အတူ စုံ၊ မ ခွဲခြားဝယ်ယူခိုင်းတာတွေဟာ တနင်္သာရီတိုင်းသားတွေအတွက် လုံးဝ အဆင်မပြေပါဘူး။ အကျိုးဆက်အနေနဲ့ စက်သုံးဆီဆိုင်တွေရှေ့မှာ ရာနဲ့ချီတဲ့ လူတန်းအရှည်ကြီးတွေ ပေါ်ပေါက်လာသလို လူတိုင်း စက်သုံးဆီရဖို့ မလွယ်တော့ပါဘူး။ မစို့မပို့ စက်သုံးဆီတစ်လီတာလောက်ရဖို့အရေး နေ့တစ်ဝက်လောက် အချိန်ပေး တန်းစီနေရတာက အောက်ခြေလူတန်းစားတွေအတွက်တော့ ဒုက္ခပေါ် ဒုက္ခဆင့်စေတာပဲ အဖတ်တင်ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းက တနင်္သာရီတိုင်းဟာ မိုးရာသီမှာ မိုးများသလို နွေရာသီမှာလည်း အတော်လေး ပူပြင်းပါတယ်။ လက်ရှိ မတ်၊ ဧပြီလတွေဟာ အပူပြင်းဆုံးလတွေဖြစ်ပြီး ပျမ်းမျှ အပူချိန် ၈၀ နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက် ကြားမှာရှိပါတယ်။ ပြည်သူတွေဟာ ဒီအပူဒဏ်ကို အမှုမထားနိုင်ဘဲ စက်သုံးဆီရရှိရေးအတွက် နေပူကျဲကျဲမှာ တန်းစီစောင့်ဆိုင်းနေကြရတာပါ။
အခုတလော ထားဝယ်မြို့ပေါ်က စက်သုံးဆီဆိုင်တွေရှေ့မှာ တစ်မိုင်ကျော်ရှည်လျားတဲ့ လူတန်းကြီးဟာ နေ့စဉ်မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်လာနေပါပြီ။ ပူပြင်းတဲ့ နေရောင်အောက်မှာ အချိန်ကြာမြင့်စွာ တန်းစီနေရလို့ မူးမေ့လဲကျသူတွေလည်း ရှိလာပါတယ်။
မတ်လ ၂၁ ရက်နေ့က ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်က စက်သုံးဆီဆိုင်ရှေ့မှာ တန်းစီနေရင်း အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ မတ်လ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း ထားဝယ်မြို့မှာ စက်သုံးဆီတန်းစီရင်း မူးမေ့လဲကျတဲ့ အမျိုးသမီး သုံးဦးအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ နေ့စဉ်စားဝတ်နေရေးနဲ့ သွားလာရေးအတွက် နေပူဒဏ်ကို အံတုပြီး တန်းစီနေကြရဆဲပါ။
နေပူပူအောက်မှာ တန်းစီနေကြသူတွေအတွက် ရေငတ်ပြတ်လပ်မှာကို စိုးရိမ်ပြီး ရေသန့်ဘူး လိုက်ဝေပေးကြတဲ့ စေတနာရှင်တွေလည်း ရှိလာပါတယ်။ ရေသန့်ဘူး လိုက်ဝေပေးတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဆိုအရ နေ့လယ် ၁၂ နာရီကနေ ၁ နာရီအချိန်အတွင်း စက်သုံးဆီ တန်းစီသူ ၆၀၀ ဦးအထိ ရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“လူတွေအဲဒီလောက်များမယ်လို့တောင် မထင်ထားဘူး။ တန်းစီနေကြတာ အရှည်ကြီး တစ်မိုင်တောင်ကျော်တယ်။ ရေသန့်ဘူးလိုက်ဝေပေးကြည့်တော့မှ လူ ၆၀၀ ကျော်ရှိတယ်ဆိုတာ သိတာ။ အဲဒါ ဆီဆိုင်တစ်ဆိုင်ပဲရှိသေးတာနော်” လို့ သူက ဆိုပါတယ်။
ဒီလိုတန်းစီဝယ်နေရပေမယ့် ရောင်းပေးတဲ့ ပမာဏက ဆိုင်ကယ်တစ်စီးကို ကျပ်လေးထောင်ဖိုးနဲ့ ကားဆိုရင် ကျပ်သုံးသောင်းဖိုးလောက်ပဲ ရပါတယ်။ ဒီထက်ပိုမရပါဘူး။
ရတဲ့ဆီနဲ့က လိုရာခရီးကို မရောက်တော့ပါဘူး။ ဒီကြားထဲ စုံ၊ မ ကန့်သတ်ချက်တွေက ရှိနေပြန်တော့ အခြေအနေက ပိုဆိုးသွားပါတယ်။
မူဝါဒအသစ်နဲ့ ထပ်တိုးဒုက္ခ
မတ်လ တတိယပတ်မှာတော့ စက်သုံးဆီနဲ့ပတ်သက်တဲ့ နောက်ထပ်စည်းကမ်းတစ်မျိုး ထွက်ပေါ်လာပြန်ပါတယ်။ သုံးဘီး၊ ဆိုင်ကယ်နဲ့ ကားတွေကို အရင်လို ဦးသူတန်းစီစနစ်နဲ့ မဟုတ်တော့ဘဲ အချိန်ခွဲခြား သတ်မှတ်လိုက်ပါတယ်။
စည်းကမ်းသစ်အရ မနက် ၆ နာရီကနေ ၈ နာရီအထိ သုံးဘီးဆိုင်ကယ်များ၊ မနက် ၈ နာရီကနေ ၁၂ နာရီအထိ ဆိုင်ကယ်များ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ ကားများ၊ ညနေ ၄ နာရီကနေ ၅ နာရီအထိ ဌာနဆိုင်ရာ အမည်ပေါက်ယာဉ်များ စသဖြင့် အချိန်ခွဲခြားလိုက်ပါတယ်။
ဒါကလည်း လာတဲ့ ဆိုင်ကယ်တိုင်း၊ ကားတိုင်းကို ဆီထည့်ပေးမယ်လို့ မဆိုလိုပါဘူး။ နေ့စဉ်ရောင်းချပေးမယ့် ပမာဏပြည့်သွားလို့ ကိုယ့်အလှည့်မှာ ဆီကုန်သွားရင် လက်ဗလာနဲ့ လှည့်ပြန်ရမှာပါ။
အဲဒီစည်းကမ်းသစ်က ဘယ်လောက်အလုပ်ဖြစ်မလဲ မသိပေမယ့် ဦးအောင်ကတော့ မနက် ၄ နာရီ အိပ်ရာထ တန်းစီနေရဆဲပါ။ မနက် ၈ နာရီကနေ ၁၂ နာရီအထိသာ ဆိုင်ကယ်တွေကို ဆီဖြည့်ပေးတော့မှာမို့ သတ်မှတ်ချိန်ကျော်သွားရင် ဒါမှမဟုတ် ဆီကုန်သွားရင် မရတော့မှာကို စိုးရိမ်လို့ပါ။
စုံ၊ မ ခွဲပြီး မော်တော်ယာဉ် အရေအတွက်ကို တစ်ဝက်လောက် လျှော့ချလိုက်ပေမယ့် စက်သုံးဆီဆိုင်တွေရှေ့က လူတန်းကြီးကတော့ လျော့မသွားပါဘူး။ အခုလို အချိန်ပါ ထပ်မံခွဲခြားလိုက်တော့ ကျောင်းသွား၊ အလုပ်သွားရမယ့်သူတွေ ပိုပြီး ဒုက္ခရောက်ကုန်ပါတယ်။
မနက် ၈ နာရီရောက်မှ ဆီရဖို့ တန်းစီနေရတော့ အချိန်မီ ကျောင်းမပို့နိုင်တာ၊ အလုပ်မသွားနိုင်တာမျိုးတွေ ကြုံလာရပြန်ပါတယ်။
“မနက် ၈ နာရီက ကျောင်းကြိုပို့နေရတော့ အဆင်မပြေဘူး။ အဲဒီအစား မနက် ၈ နာရီနောက်ပိုင်းကို သုံးဘီးတွေကို ဆီထည့်ခိုင်းသင့်တယ်” လို့ မြို့ခံ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
သုံးဘီးသမားတွေကလည်း သူတို့ဆီထည့်ရမယ့်အချိန်က တစ်နေ့လုံးမှ ၂ နာရီပဲရှိတာမို့ အချိန်မလောက်တာတွေ ကြုံနေရပါတယ်။ နယ်ကနေ ထားဝယ်တက်မယ့် သုံးဘီးတွေအတွက်ကတော့ ဆီထည့်ချိန်ကျော်သွားလို့ မထည့်ရတာတွေ ဖြစ်နေပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရကြီး ဒေါက်တာမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ချမှတ်လိုက်တဲ့ မူဝါဒတွေက လူထုအကျပ်အတည်းကို မလျော့ကျစေဘဲ ပိုပြီးဆိုးရွားလာစေတယ်ဆိုတာ အထက်ပါအချက်တွေက သက်သေပြနေတာပါ။
မိုးပေါ်က မှောင်ခိုဆီစျေး
နောက်တစ်ခုက မှောင်ခိုဈေးကွက်ပေါ်လာပြီး စက်သုံးဆီဈေးတွေ မိုးပေါ်ပြေးတက်ကုန်ပါတယ်။
ကမ်းနားလမ်းက စက်သုံးဆီဆိုင်တွေ သူ့ဘာသာသူ ရောင်းချခွင့်ရနေချိန်က အဆင်ပြေသလောက်၊ အကန့်အသတ်နဲ့သာ ရောင်းဖို့ ဖိအားပေးလိုက်တဲ့အခါ ပြင်ပစက်သုံးဆီဈေးတွေ မိုးပေါ်ထောင်တက်ကုန်ပါတယ်။
ကမ်းနားလမ်းစက်သုံးဆီဆိုင်တွေဆီက ဖောက်သည်ယူရောင်းနေတဲ့ မြို့တွင်းဆိုင်တွေ ပိတ်ကုန်ပါတယ်။ ဒါကြောင့် လူတွေက စက်သုံးဆီဆိုင်ကြီးတွေဘက် တိုးဝှေ့ တန်းစီကြရာကနေ လူတန်းကြီးက ပိုရှည်လာတာပါ။
ကမ်းနားလမ်းဆီဘောကို အကန့်အသတ်နဲ့ ရောင်းချဖို့ ဖိအားပေးလိုက်တဲ့ ဂယက်ကြောင့် ကမ်းနားလမ်းကိုသာ အဓိက မှီခိုနေရတဲ့ နယ်ကျေးရွာတွေမှာပါ စက်သုံးဆီ ပြတ်လပ်ကုန်ပါတယ်။
“ကမ်းနားဆီဘောက လုံးဝ မရောင်းပေးတော့လို့ နယ်တွေကို ဆီပို့လို့ မရတော့ဘူး” လို့ နယ်တွေကို ဆီဖြန့်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ ထားဝယ်မြို့ပေါ်မှာရော နယ်ကျေးရွာတွေမှာပါ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်သွားပါတယ်။ အခုဆိုရင် မှောင်ခိုဈေးကွက် ဒါမှမဟုတ် ပြင်ပဈေးကွက်မှာ တစ်လီတာကို ကျပ်တစ်သောင်းအထက်ကို ရောက်ကုန်ပါပြီ။
ဦးအောင်တစ်ယောက်လည်း တန်းစီဝယ်ဖို့ အရင်လို အဆင်မပြေတော့တာကြောင့် မှောင်ခိုဈေးကွက်ကို အားကိုးလာရပါတယ်။
“အခုက အပြင်မှာတောင် ဝယ်မရလို့ ရွာကို ရတဲ့ဈေးနဲ့ ဝယ်ပို့ပေးဖို့ မှာထားရတယ်” လို့ ဦးအောင်က ဆိုပါတယ်။ တရားဝင်ဈေးနဲ့ မှောင်ခိုဈေးက မိုးနဲ့မြေလို ကွာဟနေတာပါ။ စက်သုံးဆီဆိုင်ကြီးတွေမှာ သတ်မှတ်ထားတဲ့ဈေးက တစ်လီတာကို ကျပ် ၄၀၀၀ ဝန်းကျင်လောက်သာ ရှိပေမယ့် ပြင်ပဈေးကွက်မှာတော့ သောင်းဂဏန်းအထိ ပေါက်ဈေးရှိနေပါတယ်။
တစ်ချို့လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာတော့ တစ်လီတာကို ကျပ်သုံးသောင်းလောက် အထိတောင် ပေးဝယ်နေရပါပြီ။
ဒါ့အပြင် စက်သုံးဆီမရှိတော့လို့ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေကြပါပြီ။ လက်ကျန်စက်သုံးဆီရှိသေးတဲ့ လှေတွေကလွဲပြီး ကျန်တဲ့ ပင်လယ်ငါးဖမ်းလှေကြီး၊ လှေငယ်တွေ ကမ်းပြန်ကပ်နေကြပြီလို့ ဆိုပါတယ်။
“အရင်က ဆီတစ်ပီပါ ခုနစ်သိန်းခွဲ အခု တစ်ပီပါ ဆယ့်ရှစ်သိန်း စဉ်းစားကြည့်ပေါ့။ ကင်မွန်ဈေးက လုံးဝမတိုးပေးဘဲ ဒီဈေးက ဒီဈေးပဲ။ အဲဒါကြောင့် ရာသီသိမ်းလိုက်ပြီ” လို့ မတ်လ ၂၆ ရက်မှာ ကမ်းဝင်လာတဲ့ ကင်မွန်မီးထွန်းလှေပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
မေလလောက်ဆိုရင် စက်တွေနဲ့ ထွန်ယက်ကြရတော့မယ့် လယ်သမားတွေလည်း မျက်ခုံးလှုပ်နေကြပါပြီ။ အဲဒီအချိန်အထိ လောင်စာဆီ ဝယ်မရရင် စပါးစိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပင်လယ်ပြင်နဲ့ လယ်မြေတွေ ပိုင်ဆိုင်ထားပေမယ့် စက်သုံးဆီမရှိရင် အားလုံးက အလကားပါပဲ။ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမယ့် အရေးကို ရေးရေးလေး မြင်နေရပြီလို့ ဆိုရမှာပါ။
ပြည်သူ့ရေးရာ စီမံဒေါက်တာကြီး ဦးဆောင်တဲ့ စစ်ကော်မရှင်ကတော့ မူဝါဒတွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်နေပါလိမ့်မယ်။ မူဝါဒအသစ်တွေ တိုးလာတိုင်း ပြည်သူတွေကတော့ ထပ်တိုးဒုက္ခတွေ ခံစားကြရတာပဲ အဖတ်တင်ပါတယ်။
ဦးအောင်ကတော့ မနက်ဖြန် မနက် ၄ နာရီမှာလည်း အိပ်ရာက ထရဦးမှာပါ။ ဒါပေမဲ့ စောစောထ တန်းစီတိုင်း ဆီရဖို့ကတော့ မသေချာတော့ပါဘူး။
မရေရာ မသေချာတဲ့ ဆီရှာပုံတော် အခြေအနေကို ဦးအောင်ရဲ့ ညည်းတွားသံက ထင်ဟပ်လို့နေပါတယ်။
“ဆီရှာရင်းနဲ့ ဆီကုန်တာပဲ အဖတ်တင်တဲ့ နေ့တွေလည်းရှိလာတယ်”







