ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ပွဲအဆုံးသတ်ရေး အမေရိကန် အဆိုပြုချက်အပေါ် အီရန် သုံးသပ်နေဟုဆို

March 26, 2026

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်၏ ကမ်းလှမ်းချက်ကို သုံးသပ်နေဆဲ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မတ်လ ၂၅ ရက်နေ့က ပြောဆိုလိုက်သည်။

သို့ရာတွင် ပိုမိုကျယ်ပြန့်လာနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခကို လျှော့ချရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အမေရိကန်နှင့် ဆွေးနွေးမည့်အရေးကို အီရန်အရာရှိများက အစောပိုင်းတွင် လူသိရှင်ကြား ပယ်ချကန့်ကွက်ခဲ့သေးသည်။

အမေရိကန်နှင့် ဆွေးနွေးမည့်အရေး အီရန်ဘက်မှ အစောပိုင်းတုံ့ပြန်မှုများမှာ အနုတ်လက္ခဏာဆောင်နေသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ၏ ယခု နောက်ဆုံးထွက်ပေါ်လာသည့် ပြောကြားချက်အရ အီရန်ဘက်မှ တောင်းဆိုချက်များ ပြည့်ဝပါက စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးလိုသည့် ဆန္ဒရှိနေကြောင်း အရိပ်အယောင်ပြနေသည်။

ကြားခံနိုင်ငံများမှတစ်ဆင့် အပြန်အလှန်သတင်းစကားဖလှယ်ခြင်းက အမေရိကန်နှင့် ဆွေးနွေးမှု ပြုလုပ်နေသည်ဟု မဆိုလိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက အစိုးရပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

“သူတို့ (အမေရိကန်) ပေးပို့တဲ့ သတင်းစကားတွေထဲမှာ အဆိုပြုချက်တချို့ ပါဝင်ပါတယ်။ အဲဒါတွေကို အဆင့်မြင့်အာဏာပိုင်တွေဆီ တင်ပြထားပါတယ်။ လိုအပ်မယ်ဆိုရင်တော့ အဲဒီအာဏာပိုင်တွေကနေပဲ ကျွန်တော်တို့ဘက်က ရပ်တည်ချက်တစ်ခုကို ထုတ်ပြန်သွားမှာပါ” ဟု အာရတ်ချီက ဆိုသည်။

ယင်းအပြင် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား မည်သည့်အပစ်ရပ်သဘောတူညီချက်တွင်မဆို လက်ဘနွန်နိုင်ငံကို ထည့်သွင်းရမည်ဟု အီရန်ဘက်က ကြားခံနိုင်ငံများအား ပြောကြားထားကြောင်း အီရန်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“မိတ်ဖက်နိုင်ငံတွေကတစ်ဆင့် သတင်းစကားတွေ ပေးပို့တာ၊ အဲဒီအပေါ်မှာ ကျွန်တော်တို့ဘက်က ရပ်တည်ချက်တွေကို ပြန်ကြားတာ ဒါမှမဟုတ် လိုအပ်တဲ့ သတိပေးချက်တွေ ထုတ်ပြန်တာမျိုးကို ဆွေးနွေးပွဲ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးမှုလို့ မခေါ်ပါဘူး။ ဒါဟာ မိတ်ဆွေနိုင်ငံတွေကတစ်ဆင့် သတင်းစကား အပြန်အလှန် ဖလှယ်ရုံသက်သက်ပါပဲ” ဟု အာရတ်ချီက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ခုရရှိရန် အီရန်ဘက်က အသည်းအသန် ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ၎င်းတို့အနေဖြင့် အမေရိကန်၏ ကမ်းလှမ်းချက်ကို ပြန်လည်သုံးသပ်နေသော်လည်း ပဋိပက္ခလျှော့ချရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောဆိုထားသဖြင့် နှစ်ဖက်ထုတ်ပြန်ချက်များမှာ ကွဲလွဲနေသည်။

အမေရိကန်အနေဖြင့် အီရန်ဘက်မှ မည်သည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးနေသည်ကိုမူ ထရန့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Source: Reuters ၊ The Strait Times