ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် လောင်စာဆီဈေးထပ်တက်၊ တစ်လီတာ ဘတ် ၄၀ ကျော်လာ

March 26, 2026

ထိုင်းနိုင်ငံတွင် လောင်စာဆီဈေးနှုန်းများသည် ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ တစ်လီတာလျှင် ၄၀ ဘတ်ကျော်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၂၅ ရက်နေ့က ဓါတ်ဆီ 91 နှင့် 95 ဈေးနှုန်းများသည် ၃၅ ဘတ်ဝန်းကျင်သာ ရှိနေရာမှ တစ်ရက်အကြာတွင် ခြောက်ဘတ် ဈေးတက်လာပြီး တစ်လီတာ ၄၀ ဘတ် ကျော်လာခြင်းဖြစ်သည်။

ဒီဇယ်ဆီဈေးနှုန်းကလည်း ဓါတ်ဆီဈေးနှုန်းနှင့်အတူ ၆ ဘတ်ဈေးတက်လာပြီး လက်ရှိတွင် တစ်လီတာ ၃၉ ဘတ်ခန့် ရှိလာပြီဖြစ်သည်။

အရှေ့အလယ်ပိုင်းစစ် မဖြစ်မီက ဓါတ်ဆီ 91 နှင့် 95 ဈေးနှုန်းများသည် တစ်လီတာလျှင် ၂၉ ဘတ်ကျော်သာရှိနေခဲ့ရာမှ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

လောင်စာဆီစီမံခန့်ခွဲရေးကော်မတီက ဆီဈေးနှုန်းများကို ထိန်းညှိပေးရန် အသုံးပြုပေးနေသော ရန်ပုံငွေများကို လျှော့ချရန် မတ်လ ၂၅ ရက်နေ့က သဘောတူလိုက်သဖြင့် လောင်စာဆီဈေးနှုန်းများသည် မတ်လ ၂၆ ရက်နေ့မှစ၍ ဈေးတက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆီဈေးနှုန်းများကို ထိန်းညှိပေးရန် လောင်စာဆီရန်ပုံငွေက တစ်နေ့လျှင် ၂ ဒသမ ၅၉ ဘီလီယံဘတ် အသုံးပြုပေးနေပြီး တစ်လလျှင် ၈၀ ဘီလီယံဘတ်ကျော် အသုံးပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေများကို ထိန်းသိမ်းနိုင်ရေးနှင့် ရေရှည်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ထောက်ပံ့ငွေများကို ချက်ချင်း လျှော့ချရန် လိုအပ်လာသဖြင့် ကော်မတီက သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

သို့သော်လည်း အစိုးရအနေဖြင့် ပြည်သူများ၏ နေ့စဉ်ကုန်ကျစရိတ်များ သက်သာလာစေရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ စက်မှု၊ ဝန်ဆောင်မှု၊ ပို့ဆောင်ဆက်သွယ်ရေးစသော လုပ်ငန်းများကို ထောက်ပံ့မှုများ ပေးသွားရန် စီစဉ်ထားကြောင်း ဖော်ပြသည်။

Ref: The Nation Thailand, Thai PBS