ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

February 26, 2026

တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်အတွင်း ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဂိတ်နှင့် စခန်းများအပါအဝင် စစ်အာဏာရှင်တပ်၏ ခြေလျင်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေ၍ မြိတ်-ထားဝယ်ကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

မြိတ်-ထားဝယ်ကားလမ်း ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ သုံးပတ်နီးပါး ရှိလာပြီဖြစ်သဖြင့် ဒေသတွင်း၌ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်အချို့နှင့် မိသားစုဝင်များက ပြောသည်။

“စားရိက္ခာပြတ်လာပြီ၊ ကုန်စုံဆိုင်တွေမှာလည်း ပစ္စည်းတွေ ပြတ်နေပြီ။ ဈေးသည်တွေလည်း လာမရတော့ အသား၊ ငါးဆိုတာ ရှိကိုမရှိတော့ဘူး။ ဟင်းသီးဟင်းရွက် စိုက်စားတဲ့သူတွေရှိတော့ အရွက်တွေပဲ ခူးစားနေရတယ်။ (KNLAက) ဖုန်းတွေလည်း မဆက်ခိုင်းဘူး။ နိုင်ငံခြားမှာနေတဲ့ အိမ်ကသားသမီးတွေဆီ ပိုက်ဆံလှမ်းမှာဖို့တောင် ဖုန်းဆက်လို့မရဘူး၊ အခုတောင် ခိုးပြီးဆက်နေရတာ” ဟု ဝင်းဝစခန်းအနီး ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ၎င်းတို့ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။

ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်ကလည်း ဝင်းဝစခန်းအနီး ဝန်းကျင်ကို လေယာဉ်ဖြင့် နှစ်ကြိမ်တိတိ ဗုံးနှစ်လုံး ကြဲချသွားသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

စစ်ဘေးရှောင်များမှာ ပြန့်ကျဲနေပြီး အချို့ကျေးရွာများတွင် စားသုံးဆီအပါအဝင် အသား၊ ငါး၊ ငါးခြောက်နှင့် ရိက္ခာများ ပြတ်လပ်နေပြီဖြစ်ကြောင်း ဝင်းဝကျေးရွာမှ စစ်ဘေးရှောင် မိသားစုဝင်တစ်ဦးက ပြောသည်။

“အခြေအနေတွေ ပိုဆိုးလာမှာစိုးလို့ တချို့တွေ ထားဝယ်မြို့ပေါ်ကို တက်ပြီး စစ်ဘေးရှောင်နေကြတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သွားရတာ လမ်းမှာ တစ်ညတောင် ကြာတယ်တဲ့။ တချို့ရွာတွေမှာ ရိက္ခာအတော်ပြတ်နေပြီ။ စားသုံးဆီမရှိလို့ အုန်းသီးသားကို ဆီလုပ်ပြီးတောင် စားနေရတယ်လို့ ကြားရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၀၊ ၁၂၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝင်းဝ၊ ချောင်းဝပြင်၊ ချောက်ချောင်း၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ဂုံညင်းဆိပ်နှင့် ကနက်သီရိကျေးရွာများကို စစ်အာဏာရှင်တပ်က K8W နှင့် Y12 တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးခြင်းနှင့် ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် နေအိမ်အဆောက်အအုံများလည်း မီးလောင်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။