မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းများနှင့် လှည့်ကင်းတို့ကို တော်လှန်ရေး တပ်များက တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ရေးမြို့နယ်၊ ခေါ်ဇာမြို့ စျေးကြီးရှေ့တွင် ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပူးပေါင်း တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၂၄ရက် ည ၈နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။
MSRF နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေး တပ်ရင်း/အမှတ် (၈၀၀၂) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း တော်လှန်ရေးတပ်များက ထုတ်ပြန်သည်။
“ကိုယ်က အရင်ရောက်နေလို့ လက်ဦးမှု ယူနိုင်ခဲ့တာပါ။ မိနစ် ၂၀ လောက်ပစ်ပီး ပြန်ဆုတ်လာလိုက်တာပါ။ (သူတို့) ပြန်ပစ် သေးတယ်။ လက်နက်ငယ် အချင်းချင်းပါပဲ။ ကိုယ့်ဘက်ကတော့ ထိခိုက်မှု မရှိပါဘူး” ဟု အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားချိန်သည် ညပိုင်းဖြစ်၍ ခေါဇာစျေးအနီး အရပ်သားများလှုပ်ရှားသွားလာနေခြင်းမရှိသဖြင့် အရပ်သားထိခိုက်မှုမရှိကြောင်း အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူကပြောသည် ။
နှစ်ဖက် ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်တပ်က ညပိုင်းဆိုရင် ပတ်ပြီး ကင်းလှည့်နေရင်း တိုက်ခိုက်ခံရတာ။ တော်လှန်ရေးတပ်ဘက်က အသင့်စောင့်ပြီး တိုက်ခိုက်တာထင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်က သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ရေးမြို့နယ် နှစ်ကရင်ကျေးရွာဘက်တွင်လည်း စစ်အာဏာရှင်တပ် အင်အား ၁၅၀ ခန့် စစ်ကြောင်းထိုး ဝင်ရောက်လာရာ ဖေဖော်ဝါရီလ ၂၂ ရက်တွင် MSRF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MSRF ထံမှ သိရသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း သံဖြူဇရပ်မြို့နယ်အတွင်းရှိ အနင်းကျေးရွာရဲစခန်းကို မွန်ပြည်တော်လှန်ရေး တပ် (MSRF) ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
မွန်ပြည်နယ်တောင်ပိုင်း ရေး၊ သံဖြူဇရပ်ဘက်သို့ စစ်အာဏာရှင်တပ်က လက်နက်ခဲယမ်းများနှင့် တပ်အင်အား ဖြည့်တင်း ထားပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံနှင့် ဒေသတွင်းက စစ်ရေးလှုပ်ရှားမှုအခြေအနေကို လေ့လာ စောင့်ကြည့် နေသူများထံမှ သိရသည်။
“ရေးဘက်ကို စစ်ကားတွေနဲ့ ဝင်လာတာမျိုးတော့ မကြားမိသေးဘူး။ စစ်ကြောင်းပုံစံမျိုးနဲ့ပဲ ဝင်လာနေတယ်။ အခု စစ်ကြောင်းတွေ ဝင်လာနေလို့ပဲ တိုက်ပွဲတွေက ပြန်ဆက်လာတယ်။ ဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတော့ စစ်ကြောင်းဝင်လာရင် တိုက်ပွဲကတော့ ဖြစ်မှာပဲ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ အောင်သပြေရွာ အနီးသို့ စစ်ကြောင်းထိုး ရောက်ရှိလာပြီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။
ရွေးကောက်ပွဲပြီးနောက် မွန်ပြည်နယ်အတွင်း အထူးသဖြင့် တော်လှန်ရေးအားကောင်းသည့် သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ရေး၊ သံဖြူဇရပ်တို့တွင် စစ်အာဏာရှင်တပ်များ အင်အားတိုးချဲ့နေပြီး စစ်ကြောင်းထိုးမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
လွှတ်တော်မစတင်မီ မွန်ပြည်နယ်အတွင်းက အဓိက ဆက်သွယ်ရေးလမ်းကြောင်းများကို လုံခြုံမှုရှိစေရန် စစ်အာဏာရှင်တပ်က အင်အားသုံး ရှင်းလင်းရန် လုပ်ဆောင်လာနိုင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်သည့်အနေအထားရှိကြောင်း သုတေသနအဖွဲ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရာမညအင်စတီကျူ နိုင်ငံရေးသုတေသနအဖွဲ့က သုံးသပ်ထားသည်။







