ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ၁၀နှစ်ဆက်တိုက် ကျဆင်း

February 26, 2026

ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းမှာလည်း ကျဆင်းခဲ့၍ ၁၀ နှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ဂျပန်အစိုးရအချက်အလက်များအရ သိရသည်။

ယင်းအခြေအနေမှာ ဝန်ကြီးချုပ် ဆာနအဲတာကအိချိအတွက် ကြီးမားသော စိန်ခေါ်မှုများရှိနေကြောင်းကို မီးမောင်းထိုးပြနေသည်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ကနဦးအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ မွေးဖွားသည့် စုစုပေါင်း မွေးကင်းစကလေးငယ် ၇၀၅,၈၀၉ ဦးရှိခဲ့ကာ ယင်းမှာ ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။

အဆိုပါ စာရင်းဇယားများတွင် ဂျပန်နိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများက မွေးဖွားလာသော ကလေးငယ်များအပြင် ပြည်ပရောက် ဂျပန်နိုင်ငံသားများက မွေးဖွားလာသည့် ကလေးငယ်များလည်း ပါဝင်သည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ဂျပန်သည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး လူဦးရေလည်း တဖြည်းဖြည်း လျော့နည်းလာလျက် ရှိသည်။

ယင်းအခြေအနေကြောင့် လုပ်သားအင်အား ရှားပါးလာခြင်း၊ လူမှုဖူလုံရေးအသုံးစရိတ်များ မြင့်တက်လာခြင်းနှင့် အခွန်ထမ်းဆောင်နိုင်သည့် အလုပ်လုပ်ကိုင်သူ ဦးရေ နည်းပါးလာခြင်း အစရှိသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ကလေးမွေးဖွားနှုန်း ကျဆင်းလာတာနဲ့ လူဦးရေ လျော့နည်းလာတာဟာ ကျွန်မတို့နိုင်ငံရဲ့ တက်ကြွလှုပ်ရှားနိုင်စွမ်းကို တဖြည်းဖြည်းချင်း တိုက်စားသွားမယ့် တိတ်ဆိတ်တဲ့ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် တကအိချိက ပြီးခဲ့သည့်အပတ် လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် တာကာအီချီ အပါအဝင် ဂျပန်ဝန်ကြီးချုပ်အဆက်ဆက်သည် ကလေးမွေးဖွားနှုန်း တိုးတက်လာစေရေး လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြသော်လည်း သိသာထင်ရှားသည့် အောင်မြင်မှုမူ မရရှိခဲ့ကြပေ။

နိုင်ငံခြားသား ဝင်ရောက်အခြေချမှုကို တိုးမြှင့်ခြင်းက ဂျပန်နိုင်ငံ၏ လူဦးရေကျဆင်းမှုပြဿနာနှင့် ယင်းနှင့် ဆက်စပ်နေသည့် လုပ်သားအင်အားပြတ်လပ်မှုပြဿနာကို ပြောင်းလဲပစ်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။

သို့သော်လည်း “ဂျပန်လူမျိုး ပထမ” ဟူသည့် ဆန်ဆေးတို (Sanseito) ပါတီ၏ ဖိအားကြောင့် လက်ယာယိမ်းဝါဒီ ဝန်ကြီးချုပ် တကအိချိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

Source: Dhaka Tribune