ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရွှေထည်လက်ဝတ်ရတနာများကို အွန်လိုင်းပေါ်တွင် Live လွှင့်ရောင်းချနေသည်ဟု ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မဲဆောက်ရဲစခန်းနှင့် ထိုင်းသတင်းဌာနတစ်ခုတို့က ဖော်ပြချက်အရ သိရသည်။
မဲဆောက်မြို့ မယ်ပဒေသရှိ နေအိမ်တစ်ဆောင်ကို ရဲတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဝင်ရောက်စစ်ဆေးချိန် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းပေါ်တွင် ဈေးရောင်းချနေသော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ဆိုသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် အသက် ၂၂ နှစ်အရွယ် ရှိပြီး အခန်းထဲတွင် ရွှေထည်လက်ဝတ်ရတနာ ၁၀ စုံနှင့် Live လွှင်ရာတွင် အသုံးပြုသော ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အဆိုပါမြန်မာနိုင်ငံသားကို တရားစွဲထားပြီး မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ အွန်လိုင်းဈေးရောင်း၊ ကားဖြင့် ခရီးသည်ကြိုပို့ စသော တားမြစ်ထားသော လုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။
အကယ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ငါးထောင်မှ ငါးသောင်းအထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်းလည်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: Banmuang, Mae Sot Police Station







