ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့လယ်ခေါင်ရှိ လက်ဆောင်ပစ္စည်းဆိုင် ဖောက်ထွင်းခံရ

February 26, 2026

ထားဝယ်မြို့လယ်ခေါင်ရှိ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရကြောင်း ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ ဗိတန်းလမ်းဆုံ (နိဗ္ဗာန်လမ်း) တွင် ရှိသော Phyu Phyu Hmwe လက်ဆောင်ပန်းစည်းနှင့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုး လက်လီလက်ကားဖြန်ဖြူးရောင်းချသည်ဆိုင်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ၁၀နှစ် ဝန်းကျင်အရွယ် ကလေးသုံးဦးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သိန်း နှစ်ဆယ်တန် ငွေသားပန်းစည်းနှင့် ငွေသား ခုနစ်သိန်းတို့ကို ခိုးယူသွားကြောင်း ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။

“အိပ်မောကျနေတုန်း အချိန်ဖြစ်သွားတယ်။ ကလေးဆိုတော့ ဆိုင်နံဘေးက အပေါက်ကနေ လျှိုဝင်ပြီး ဝင်ခိုးသွားတာ။ ဒီကလေးတွေ နေ့ဘက်ဆိုင်နားကို လာနေကျ ကလေးတွေပါပဲ” ဟု ၎င်းက ပြောဆိုသည်။

နံနက် ၄နာရီ အိမ်သားများ နိုးလာချိန်မှသာ ဆိုင်တံခါးပွင့်လျက်ရှိနေသည်ကို တွေ့ရှိရ၍ CCTV မှတ်တမ်းများ ပြန်ကြည့်ချိန်မှ ဖောက်ထွင်းခိုးယူခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ပြောသည်။

ဆိုင်ဖောက်ထွင်းခိုးယူရာတွင် ကလေးသုံးဦးပါဝင်ပြီး ၎င်းတို့ ခိုးယူရရှိခဲ့သည့် ငွေသားအချို့ကိုမူ အမျိုးသမီးတစ်ဦးက လက်ခံထားရှိကြောင်း ဆိုသည်။

ခိုးယူသွားသည့် ငွေသား ၂၇သိန်းအနက် သိန်း ၂၀နီးပါးကိုမူ ကလေးများထံမှ လက်ခံထားသည့် အမျိုးသမီးက ဆိုင်ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း လက်ဆောင်ပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောဆိုသည်။

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး ထားဝယ်မြို့ပေါ်ရှိ စတိုးဆိုင်နှင့် မြို့ပေါ်စျေးရုံများ မကြာခဏဖောက်ထွင်း ခိုးယူခံရလျက်ရှိကြောင်း မြို့ခံများနှင့် စျေးသူ၊ စျေးသားများ၏ ပြောကြားချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင်လည်း ထားဝယ်မြို့ ကလေးကစားကွင်း၌ နေခင်းကြောင်တောင် ဆိုင်ကယ် ခိုးယူခံရမှုလည်း ဖြစ်ပွားခဲ့သေးသည်။