တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ကျေးရွာအချို့တွင် သီဟိုဠ်စေ့ စျေးကောင်းမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သီဟိုဠ်ပင်အဓိက စိုက်ပျိုးသည့် ကျေးရွာများမှ ဒေသခံတောင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်က စျေးကောင်းရသော်လည်း ယခုနှစ်တွင် စျေးကျနေကြောင်း တောင်သူများထံမှ သိရသည်။
သီဟိုဠ်စေ့ တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံးစျေး ၆၅၀၀ ကျပ် ပေါက်စျေးရှိသော်လည်း ယခုနှစ်တွင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြားတွင်သာ စျေးရှိကြောင်း ဒေသခံများက ဆိုသည်။
“စျေးကျတော့ စားဝတ်နေရေးအတွက် ပိုပင်ပန်း (ခက်ခဲ) လာတယ်။ အရင်က ခရုစေ့ (သီဟိုဠ်စေ့) ပေါ်ချိန်ဆို ဝမ်းသာ နေရတယ်။ ကုန်စျေးနှုန်းကတက်ပြီး ဒေသထွက်ကုန်တွေက စျေးကျနေရင် ပိုပင်ပန်းတာပေါ့” ဟု ချောင်းလမုရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
သီဟိုဠ်စေ့များကို ဝယ်သူများသည် ကျေးရွာများမှတစ်ဆင့် မြိတ်သို့ တင်ပို့ကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် သီဟိုဠ်ပင် အများဆုံးစိုက်ပျိုးကြသည့် ရွာများမှာ သကျက်ရွာ၊ တားပလပ်ရွာ၊ ချောင်းလမုရွာနှင့် သိန်ခွန်းရွာများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရွာအနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသောကြောင့် မြိတ်မြို့သို့ ပစ္စည်းပို့ဆောင်ရန် ခက်ခဲခြင်း၊ အချိန် ပိုမိုကြာမြင့်ခြင်း၊ စစ်အာဏာရှင်တပ် ဂိတ်များတွင် ဂိတ်ကြေးများပိုမိုပေးဆောင်နေရခြင်းတို့ကြောင့် သယ်ယူစရိတ် မြင့်တက် သွားသဖြင့် သီဟိုဠ်စေ့များ စျေးမရတော့ခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
သိန်ခွန်းရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသဖြင့် စစ်အာဏာရှင်တပ်သားများ မရှိသည့် သီဟိုဠ်ခြံများတွင်သာ အခြေအနေစောင့်ကြည့်၍ သီဟိုဠ်စေ့များ သွားကောက်နေရကြောင်း သိန်ခွန်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
“တချို့က သူတို့ (စကစ) မရှိတဲ့ တနည်းနည်းဝေးတဲ့ နေရာမှာ သွားကောက်ကြတယ်။ တိတ်တိတ်လေး ကောက်ပေါ့။ မကောက်ရင်လည်း စားဖို့မရှိဘူးလေ့။ စွန့်စားခန်းပဲ” ဟု ၎င်းက ပြောသည်။
သီဟိုဠ်စေ့များကို အောက်သို့ကြွေကျနေသည့် အသီးများမှတစ်ဆင့် ခြွေယူရပြီး သီဟိုဠ်စေ့ ရင့်မှည့်သည့်အပေါ်မူတည်၍ စျေးနှုန်းများ ကွာခြားချက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။







