ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကာကွယ်ပြောဆိုသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အစ္စရေးဘက်မှ ယုံကြည်ချက်အပြည့်အဝဖြင့် ရပ်တည်ကြောင်း ဝန်ကြီးချုပ်မိုဒီက အစ္စရေးပါလီမန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ အိန္ဒိယခေါင်းဆောင်တစ်ဦးက အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်းပြောကြားခြင်း ဖြစ်ပြီး အစ္စရေးအပေါ် အိန္ဒိယ၏ ကာလရှည်ထောက်ခံမှုကို အလေးပေးပြောဆိုခဲ့သည်။
“အိန္ဒိယဟာ အစ္စရေးဘက်က အခုအချိန်မှာရော နောင်အနာဂတ်ကာလမှာရော ခိုင်ခိုင်မာမာ ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်သွားမှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ တိုက်ခိုက်မှုကို အရိုင်းအစိုင်း လုပ်ရပ်အဖြစ် ၎င်းက အပြစ်တင်ရှုတ်ချခဲ့သည်။
အရပ်သားများကို သတ်ဖြတ်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကမျှ ဆင်ခြေမပေးနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သည့် ဂါဇာငြိမ်းချမ်းရေး အစီအစဉ်အပေါ် အိန္ဒိယအစိုးရက ခိုင်ခိုင်မာမာ ထောက်ခံကြောင်း မိုဒီက ပြောကြားခဲ့သည်။
ယင်းအစီအစဉ်သည် ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခုဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူအားလုံးအတွက် တရားမျှတပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု အိန္ဒိယက ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် အိန္ဒိယကို ကျေးဇူးတင်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ၎င်း၏ ပါလီမန်မိန့်ခွန်း၌ ပြောကြားခဲ့သည်။
အိန္ဒိယနှင့် အစ္စရေး နှစ်နိုင်ငံတွင် ဘုံအကျိုးစီးပွားများ ရှိနေပြီး မိုဒီအား မိတ်ဆွေထက်ပိုသော ညီအစ်ကိုတစ်ဦးအဖြစ် နေတန်ညာဟုက တင်စားပြောဆိုခဲ့သည်။
မိုဒီ၏ အစ္စရေးအပေါ် ရင်းနှီးစွာ ထောက်ခံအားပေးမှုသည် အိန္ဒိယ၏ ကိုလိုနီဆန့်ကျင်ရေး သမိုင်းအစဉ်အလာကို သစ္စာဖောက်ဖျက်ခြင်းဖြစ်ကြောင်း အိန္ဒိယကွန်မြူနစ်ပါတီခေါင်းဆောင် မာရီယန် အလက်ဇန္ဒား ဘေဘီက ဝေဖန်ခဲ့သည်။
ယင်းအပြင် ပါလက်စတိုင်းပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အိန္ဒိယက ကာလရှည်ကြာ ရပ်တည်ပေးခဲ့သည့် မူဝါဒကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Source: Al Jazeera







