ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာနိုင်ငံသား ၂၀ ကျော် ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၇ နာရီခန့်တွင် ကန်ချနဘူရီမြို့ ဝမ်ဒွန်းဒေသ အမြန်လမ်းပေါ်တွင် ကားတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။
ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေစဉ် ကားအနောက်ပိုင်းကို တာလပါတ်ဖြင့် ဖုံး၍ မောင်းလာသော မသင်္ကာဖွယ်ရာ ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ဖမ်းဆီးစဉ် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ကြောင်း ဆိုသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား ၆၀ ကျော် လိုက်ပါလာပြီး ကားတိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၂၃ ဦး ဒဏ်ရာရကြောင်း သတင်းများတွင် ဖော်ပြသည်။
တစ်ဦးမှာ ဒဏ်ရာပြင်းပြီး အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို ရှေးဦးကုသပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ကားသမားသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ခဲ့သော မြန်မာနိုင်ငံသားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Joe Joe, Kanchanaburi News, Khaosod







