အပိုင်း (၁) မြို့ကြီး၏ အစ
တိတ်ဆိတ်အေးစက်တဲ့ ညတညတွင် မင်းသား ခေါင်းဆောင်းတပ်ထားသော လူအန္တ တဦးသည် ဒေါသပေါက်ကွဲစွာဖြင့် ခုံကို ပြင်းထန်စွာထုရိုက်လိုက်သည်။ ထိုခေတ္တခဏမှာပဲ သူ့ ခေါင်းပေါ် စွပ်ထားသော ခေါင်းဆောင်းမှာ သွေးညှီနံ့ရနေသော ကတ္တီပါ လျှောက်လမ်းပေါ်ပြုတ်ကျသွားသည်။
ထိုနောက် ထိုသူသည် လောဘပေါက်ကွဲစွာဖြင့် စားပွဲပေါ်တွင် ခင်းကျင်းထားသမျှ အဆောင်အယောင်မှန်သမျှကို တစ်ချက်တည်းဖြင့် ဖယ်ရှားဆွဲချလိုက်သည်။ ထိုညက ထိုသူ၏ မောဟသည် နောက်နှစ်ပေါင်း များစွာကြာသည့်အခါတွင် ပြုတ်ကျသွားသည့် အကျိုးအပဲ့များနှင့်အတူ အသက် အိုးအိမ်ပေါင်း မည်၍မည်မျှ ပျက်စီးဆုံးရှုံးရမည်ကို မည်သူမျှ မသိ။
“ငါတို့ ခေါင်းဆောင်ကြီးတော့ သွက်သွက်ခါအောင် ရူးသွားပြီ” ဟု အရူးဘုံမြှောက် ပြုခဲ့သူ လူတစုထဲက တယောက်သော သူ၏ ပြောစကားနှင့် အတူ ခန်းမဆောင်ပြင် အမိန့်နာခံရန် ရပ်စောင့်နေသူများကြား တိတ်ဆိတ်လျက်။
ထိုစဉ် ခန်းမ အတွင်းမှ လူတဦး မာန်ဖီပြီး ထွက်ချလာသည်။ ထိုသူ၏ခေါင်းပေါ်တွင် နှစ်ပေါင်းများစွာဆောင်းထားခဲ့သည့် ခေါင်းဆောင်းမရှိတော့။ ထိုသူ၏ ပကတိမျက်နှာ ရွံရှာ စက်စုတ်ဖွယ်ရာ . . .။
“ငါတို့ စစ်ဆင်ရေး ဒီမနက်မှာ စမယ်။”
ခြောက်ခြားစရာကောင်းလောက်အောင် ငြိမ်သက်နေသော ကျနော်တို့ မြို့၏ မနက်ခင်းသည် အရင်နေ့များလို ငြိမ်းချမ်းစည်ကားနေမည်ဟု ထင်မှတ်ထားသော်လည်း အရာအားလုံးသည် ထင်ထားသလို မဟုတ်ခဲ့။ မြို့ပတ်လမ်းနှင့် အစိုးရ အဆောက်အအုံများတွင် စစ်ဝတ်စုံ ဝတ်ထားသည့် လူများဖြင့် ပြည့်နှက်နေသည်။ ဖုန်းလိုင်းများ ပြတ်တောက်သွားသည်။
မြို့လယ်ရှိ LED ဆိုင်ပုဒ်ကြီးတွင်း အထူးအဆန်း ကြေညာချက်များ ကြေညာလျက်ရှိသည်။ ကြေညာချက်များမှာ ထူးဆန်းသော်လည်း အရာအားလုံးဟာ တည်ငြိမ်အေးချမ်းမှု ပျက်စီးသွားပြီဖြစ်ကြောင်း မြို့နေ လူထုက မပြောလည်း သိနှင့်နေကြသည်။ မြို့သူမြို့သား အချင်းချင်း “လီးတွေ ဖြစ်ကုန်ပြီ” ဟု တီးတိုး ပြောဆိုနေကြသည်။ တချို့ကလည်း “ငါတို့ ဘာဆက်လုပ်ကြမလဲ” စသဖြင့် တီးတိုး တိုင်ပင်နေကြသည်။
ထိုသို့ဖြင့် –
မြို့၏ အခြေအနေသည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ လူတယောက်အတွက် တသက်မေ့မရနိုင်သော အခင်းအကျင်းများသို့ ယုတ်ချည်း ပြောင်းလဲသွားသည်။ မြို့လမ်းမတွေပေါ် မြို့နေလူများဖြင့် ပြည့်နှက်ကုန်သည်။ ထို့နောက် မီးခုံးဗုံးများ၊ မျက်ရည်ယိုဗုံးများ၊ သေနတ်သံများ၊ မီးတောက်မီးလျှံများ၊ ယမ်းငွေ့များ၊ သွေးစက်များ။
ပြီးတော့ အသက်သေဆုံးသူ ကလေးငယ်တွေရဲ့ မိဘတွေ၏ ငိုကြွေးသံများ၊ နာကြည်းချက်ဖြင့် အော်ဟစ်ငြီးတွားသံများ။ အံကြိတ် ညည်းတွားသံများနှင့် ဖမ်းဆီးခံရမှုများ။
ထိုသို့သော လျင်မြန်စွာတိုးတက်ပြောင်းလဲသွားသော ဆင့်ကဲဖြစ်စဉ်။
မြို့ပြ ဖြစ်စဉ်ကြီး နောက်တွင် မြို့သည် တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့သည်။ မြို့သူမြို့သားများ စကား မပြောတတ်ကြတော့။ မတွေးခေါ်တတ်ကြတော့။ အမှားအမှန် ခွဲခြားနိုင်စွမ်း မရှိကြတော့။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ သို့သော် မည်သူတဦးတယောက်တွင်မျှ မေးခွန်းမရှိကြ။ အဖြေမရှိကြ။ မေးခွန်းမေးမယ့်သူ မရှိကြတော့။
ထိုတိတ်ဆိတ်လာမှု၏ နောက်တွင် မြို့နယ် ကောင်စီ၌ လက်မှတ်ထိုးရမယ့် စာရွက်များ ဝေငှပေးလာသည်။ စာရွက်အပေါ်မှာ စာကြောင်းတစ်ကြောင်းတည်း – ဤသည်မှာ
“ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်သဘောတူပါသည်” ဟူ၍
လက်မှတ်ထိုးသည့် သူတို့၏ လက်များ တုန်ရင်နေသော်လည်း မည်သူမျှ စောဒက မတက်ရဲကြ။ ကြောက်ရွံ့မှုသည် မြို့နေလူထု၏ ညစာဖြစ်ပြီး မျှော်လင့်ချက် ကင်းမဲ့မှုသည် မြို့နေလူထု၏ မနက်စာဖြစ်သည်။ မည်သူ တဦးတယောက်ကမျှ သူတို့ ဗိုင်းရပ်စ်တမျိုး ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်းနှင့် ၎င်း ဗိုင်းရပ်စ် ကို ဘယ်သူ ဖန်တီးခဲ့သလဲဆိုတာ သတိမထားမိခဲ့ကြပေ။
ထိုသို့ဖြင့် မနက်ဖြန်များ၊ မနက်ဖြန်များစွာ ကြာသည့်အခါ လူတချို့သည် အကြောင်းအရာ တချို့ကို မေ့သွားကြသည်။ မနက်မိုးလင်းရင် ဘာလုပ်ရမလဲဆိုတာပဲ မှတ်မိပြီး ဘာကြောင့် လုပ်ရလဲဆိုတာ မမှတ်မိကြတော့။ ထိုသူတို့၏ အလုပ်တွေ အဆင်ပြေသွားကြသည်။
လမ်းတွေ တိတ်ဆိတ်သွားခဲ့သည်။ အော်ဟစ်သံတွေ လျော့သွားသည်။ မြို့ပေါ်တွင်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီးကို မမှတ်မိကြတော့ပေ။ ဒါကိုပင် ငြိမ်ဝပ်ပိပြားရေးဟု ခေါ်ဆို သမုတ်ကြပြန်သည်။
အမျိုးသမီးတစ်ယောက်က သူ့သားကို မမှတ်မိတော့။
သူမ မငိုမိတော့ မငိုရင် ပိုလွယ်တယ်လို့ သူမရဲ့ စိတ်ထဲမှာ ထင်လာသည်။ ငိုကြွေးနေခြင်းကို အဖြေ မဟုတ်ဟု သူမ ထင်သော်လည်း ဘယ်အရာက အဖြေဖြစ်ကြောင်းလည်း သူမ မသိတော့။ သူမ သိသည်မှာ မျှော်လင့်ချက်ကင်းမဲ့သည့် မနက်စာကို စားပြီး ကြောက်ရွံမှုဖြင့် အိပ်ယာဝင်ရမည် ဆိုသည်သာ သိသည်။
“ကိုယ်လုပ်မှ ကိုယ်စားရမည်” ဆိုသည့် ဝါဒမှိုင်းများကို အဟုတ် ထင်လာသည်။ ဤသည်မှာ သူမ တဦးတည်း အသိမဟုတ်။ မြို့နေလူထု၏ အသိတရားပင်။ ထိုနေ့ကစပြီး ထိုလူတွေကို ဇွန်ဘီ ဟု သတ်မှတ်လိုက်ကြသည်။
ထိုသို့ဖြင့် တနေ့ ပြီးတော့ နောက်တရက် ပြီးတော့ နောက်တရက် . . . လများ၊ နှစ်များ ကြာသည့် အခါ . . . ၊
မြို့ပေါ်ရှိ လမ်းမများတွင် စည်းလုံးခြင်းအတွက် သီချင်းတပုဒ် သီချင်းဖြင့် ဇွန်ဘီများ မြူးထူး ပျော်ပါးစွာ ကခုန်နေကြတော့သည်။
နော်ကောင်း







