မြိတ်ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းရွာနှင့် ကျွန်းစုမြို့နယ် အမှတ် (၂) ရပ်ကွက်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပသောင်းကျေးရွာအုပ်စု၊ ပသောင်းတံတားအနီးရှိ ထရံကာ၊ ဓနိမိုး တန်းလျားတစ်ခုတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်ခဲ့ပြီး ကျေးရွာမှ ရေကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ကျွန်းစုမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာလည်း ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။






ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကလည်း မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သွားရောက်ကူညီ ငြှိမ်းသတ်ပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် မီးလောင်မှု ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် တစ်ဆောင်၊ နေအိမ် ၁၇ လုံး၊ တန်းလျားတစ်ခုနှင့် ကုန်တင်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် စာရင်းအရ သိရသည်။
ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်လည်း ယခုဇန်နဝါရီလ ၂၄ ရက်နေ့က ကလေးမီးဆော့ကစားရာမှ မီးစတင်လောင်ကျွမ်းပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်။







