ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လုမ္ပဏီစင်မြင့်ထက်မှာ တောက်ပလာသည့် မြန်မာဖိုက်တာ ကျော်စွာဝင်း

January 26, 2026

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာ Fight ဝါသနာရှင်များ စုစည်းအားပေးရန်အတွက် မျက်နှာတစ်ခုတည်းသာ ရှိခဲ့ဖူးသည်။ ထိုသည်ကား အနားယူသွားခဲ့ပြီဖြစ်သော ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်း ဖြစ်ပေ၏။

ယခုမူ ထိုစာရင်းမှာ တစ်စထက်တစ်စ ကြီးထွားရှင်သန်လာခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့ညက ဘန်ကောက်မြို့၊ လုမ္ပဏီအားကစားကွင်းအတွင်း ကျင်းပခဲ့သော ONE Friday Fights 139 ပြိုင်ပွဲကြီးသည် သာမန် အပတ်စဉ်ကျင်းပမြဲ ပြိုင်ပွဲတစ်ခုထက်ပို၍ မြန်မာနိုင်ငံအတွက် လက်ဆင့်ကမ်းအမွေ လွှဲပြောင်းပေးလိုက်သည့် အခိုက်အတန့်တစ်ခုနှင့် ပို၍ ဆင်တူနေခဲ့လေသည်။ သောင်းသောင်းဖျဖျ အားပေးသံများ၏အလယ်ဗဟိုတွင် ကျော်စွာဝင်းသည် တည်ငြိမ်စွာဖြင့် မားမားရပ်နေခဲ့ပြီး ပုံမှန်အားဖြင့် “ရော့ခ်စတား”များသာ ရရှိလေ့ရှိသော ကြိုဆိုဂုဏ်ပြုမှုမျိုးကို ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့လေသည်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သော ကျော်စွာဝင်းသည် ၎င်း၏ ONE Championship ပွဲဦးထွက်ကို အံ့မခန်းပုံစံဖြင့် အစပြုနိုင်ခဲ့လေသည်။ ကျော်စွာဝင်းသည် ဂျပန်ဖိုက်တာ မူဂါဆီတို ကို လက်ရည်အသာစီးဖြင့်ထိုး၍ ဒုတိယပွဲချီတွင် TKO ဖြင့် အမှောက်သိပ်ကာ ဘောနပ်စ် ဘတ် ၃ သိန်းခွဲ ဆုကြေးကိုပါ ဆွတ်ခူးသွားခဲ့သည်။ မူဂါဆီတို ကြိုးဝိုင်းကြမ်းပြင်ထက်ဆီ လဲကျသွားစေရန် ကျော်စွာဝင်း ပစ်လွှတ်လိုက်သော စတုတ္ထမြောက်ထိုးချက်”ပျံလွှားလက်သီး” ထိမှန်သွားချိန်တွင် ပရိသတ်များ၏အော်ဟစ်လိုက်သံမှာ လုမ္ပဏီကွင်းကြီး၏ အမိုးပင် ပွင့်ထွက်လုမတတ် ဘဝဂ်တိုင်ထိ ညံသွားခဲ့လေသည်။

ပွဲကြည့်စင်များထက်တွင် မြန်မာပရိသတ်များမှာ ပြည့်နှက်နေပြီး အလံများကို လက်ရန်းများပေါ်တွင် ဖြန့်ခင်းကာ ကြွေးကြော်သံများမှာလည်း ကွင်းအတွင်း ဟိန်းထွက်နေခဲ့သည်။ သို့သော် ကျော်စွာဝင်းမှာမူ တည်ငြိမ်မှုအပြည့်ဖြင့် စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် ရှိမနေသည်ကို မြင်ခဲ့ကြရသည်။

ပွဲအပြီး ကွင်း၏နောက်ဘက်ခြမ်း၌ မီဒီယာများက ကျော်စွာဝင်းကို ဝိုင်းအုံမေးမြန်းခဲ့ကြသကဲ့သို့ ကွင်းအပြင်ဘက်တွင်လည်း ရာနှင့်ချီသော ပရိသတ်များက သူ့ကို အားပေးဝိုင်းရံခဲ့ကြလေသည်။ ကျော်စွဝင်းသည် စောင့်ဆိုင်းနေသော Van ကားဆီသို့ ဖြည်းဖြည်းချင်း သွားနေစဉ်အတွင်း အမှတ်တရ Selfie ရိုက်သူတိုင်းကို ပြုံးပြနှုတ်ဆက်ခဲ့ပြီး ယင်းအခြေအနေအရပ်ရပ်မှာ “နိုင်ပွဲတစ်ပွဲ” ထက်ပင် ပို၍ ကြီးကျယ်နေခဲ့လေသည်။

ကျော်စွာဝင်းသည် မြန်မာပြည်တွင်း၌ ၉၅ ပွဲနိုင် ၁ ပွဲရှုံး ဟူသော ရိုးရာလက်ဝှေ့မှတ်တမ်း၊ အရှိန်အဝါကြီးမားသော နာမည်ကျော်ကြားမှုနှင့်အတူ ထိုင်းမြေသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကွဲပြားခြားနားသော လမ်းစဉ်တစ်ခုကို ရွေးချယ်ခဲ့သော ကျော်စွာဝင်းသည် ပတ္တရားရှိ Fairtex Gym ဆီသို့ သွားရောက်ပူးပေါင်းခဲ့ပြီး ONE လုမ္ပဏီစင်မြင့်ထက်သို့ မတက်လှမ်းမီ မွေထိုင်းစည်းမျဉ်းများ၊ ၄ အောင်စ လက်အိတ်များနှင့် အသားတကျဖြစ်စေရန် စိတ်ရှည်လက်ရှည် ပြင်ဆင်ခဲ့လေသည်။ ထိုသို့ စိတ်ရှည်လက်ရှည်ပြင်ဆင်မှုများမှာ ယခုအချိန်တွင် အကျိုးထူးပေးခဲ့ပြီဖြစ်သည်။

“ကျွန်တော် ဘာဖိအားမှ မခံစားရပါဘူး၊ မြန်မာပရိသတ်တွေက ကျွန်တော့်ကို ပွဲစထိုးတဲ့ ပထမဆုံးနေ့ကတည်းက အားပေးခဲ့ကြတာပါ” ဟု ကျော်စွာဝင်းက ပြောကြားခဲ့သည်။

ONE Friday Fights 139 ပြိုင်ပွဲ ကျင်းပသောညသည် ပိုမိုကြီးမားသော အပြောင်းအလဲတစ်ခုကိုလည်း ဖော်ပြနေခဲ့သည်။ အစောပိုင်းတွင် အသက် ၂၁ နှစ်အရွယ်ရှိ ဆလိုင်းထန်ခွီးရှိန် က TKO ဖြင့် အနိုင်ရရှိခဲ့ပြီး ခေါင်တွဲဆိုင်းတွင်မူ ရိုးရာလက်ဝှေ့ဂန္ထဝင် စိုးလင်းဦး က ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော အလဲထိုးဖြင့် အရေးနိမ့်ခဲ့ရလေသည်။ အဆိုပါရှုံးပွဲသည် မျိုးဆက်ဟောင်းများ မှေးမှိန်သွားသည့် ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး အမှတ်ရအဖြစ် ကျန်ရှိစေမည့် အခိုက်အတန့်တစ်ခုလည်း ဖြစ်သွားခဲ့ရသည်။

ထိုညတွင် မြန်မာဖိုက်တာများ၏ ရလဒ်မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ဖြစ်ခဲ့သော်လည်း ထိုအနိုင်အရှုံးမှတ်တမ်းမှာ အဆိုပါညအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ဒုတိယသာဖြစ်သွားခဲ့ရသည်။ တစ်စုံတစ်ခုသည် အပြောင်းအလဲဖြစ်သွားခဲ့ရချေပြီ ဖြစ်လေသည်။

အောင်လအန်ဆန်း အနားယူခဲ့ပြီး ၄ လ မပြည့်သေးမီ၌ပင် မျိုးဆက်သစ်တစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ယခုမျိုးဆက်သစ်အစုအဖွဲ့ကို ဂျော်ရှူအာဗန်နှင့် ဗေရိုနီကာ တို့က ဦးဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့၌ ကျော်စွာဝင်းက သူသည်လည်း ထိုမျိုးဆက်သစ်စာရင်းထဲတွင် ပါဝင်ကြောင်း သက်သေပြနိုင်ခဲ့သည်။

လုမ္ပဏီကွင်းကြီးတစ်ခုလုံ’ ဆူညံသံများဖြင့် တုန်ဟီးနေချိန်တွင် အမှာစကားသဖွယ်ရောက်ရှိလာသောသတင်းစကားက ရှင်းလင်းပြတ်သားလွန်းလှပေသည်။

ထိုသတင်းစကားမှာကား “သူရဲကောင်းသစ်တစ်ယောက် ရောက်ရှိလာခဲ့ပြီ၊ မြန်မာ့တိုက်ခိုက်ရေးလောက၏ နောက်ထပ် အခန်းကဏ္ဍသစ်ကိုလည်း စတင်ရေးသားလိုက်ပြီ” ဟူ၍ ဖြစ်ပေတော့သည်။

Aung

(Bangkok Post သတင်းစာက ရေးသားဖော်ပြလိုက်သည့် Kyaw Swar Win Emerges as Myanmar’s new hero to light up Lumpinee ဆောင်းပါးကို ဆီလျော်စွာ ပြန်ဆိုသည်)