ပုလောမြို့နယ်တွင် ရွေးကောက်ပွဲနေ့က မြို့ပတ်ဝန်းကျင်က ကျေးရွာငါးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့များကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။
ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။ ပုလောမြို့၊ ပလောက်မြို့နှင့် ကျောက္ကာကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာအုပ်စု၊ သဲပုံကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွေးကောက်ပွဲနေ့ နံနက်စောစောမှစ၍ ည ၉နာရီခွဲအထိ ပုလောမြို့နယ် အတွင်းတွင် ငါးကြိမ်ထက်မနည်း ဝဲပျံခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်များသည် ပုလောမြို့ ပတ်ပတ်လည် ကုန်းမြေတစ်ဆက်တည်း ကျေးရွာများဖြစ်သည့် နန်းတောင်၊ မကျည်းကုန်း၊ မှော်ကြောင်းနှင့် တောင်ယာကမ်းရွာတို့တွင် ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူများ၊ ဒေသခံများက ဆိုသည်။
ပုလောမြို့၏ ချောင်းတစ်ဖက်ကမ်း ရှပ်ပုံရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ရှပ်ပုံရွာမှာတော့ (တိုက်ပွဲ) ဖြစ်နေတာ သုံးလေးရက်ဖြစ်ပြီ။ ဒီနေ့ (ဇန်နဝါရီ ၂၅ရက်) လည်း ဖြစ်တယ်။ ရှပ်ပုံမှာက မဲရုံ တစ်ရုံ ရှိတယ်။ လေကြောင်းကတော့ နေရာကုန်ပျံနေပြီး မကြဲဘူး။ ဒီအတိုင်း ပျံနေတယ်။ (တိုက်) ပွဲ အခြေအနေကတော့ အသေးစိတ် မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ရွေးကောက်ပွဲနေ့က တိုက်ခိုက်မှု အခြေအနေများနှင့် ထိခိုက်မှု ရှိ မရှိ အခြေအနေတို့ကို စုံစမ်းနေဆဲဖြစ်သည်။
ပုလောမြို့ ပတ်လည်ရှိ ကျေးရွာများတွင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း မြို့ပေါ် ရွေးကောက်ပွဲကို ထိခိုက်မှု မရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ပုလောမြို့ပေါ်တွင် စာသင်ကျောင်းများ၊ အားကစားခန်းမများတွင် စစ်ကော်မရှင်က မဲရုံများ ဖွင့်လှစ်ခဲ့ကြောင်း ပုလောမြို့ခံတစ်ဦးက ဆိုသည်။
“မဲက အိမ်မှာရှိတဲ့ မိဘတွေပဲ ထည့်ကြတယ်။ မဲသွား မထည့်ရင် စစ်မှုထမ်းအတွက်လည်း ကြောက်နေရတော့ လူကြီးတွေလောက်ပဲ သွားထည့်ကြတယ်။ လက်သန်းမှာတော့ မှင်မတို့ရဘူး” ဟု အထက်ပါ မြို့ခံတစ်ဦး ဆိုသည်။
စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲ မကျင်းပမီ တော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်နေသည့် ကျေးရွာများကို စစ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။







