ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ကျောက္ကာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ စစ်အာဏာရှင်တပ် တစ်အိမ်တက်ဆင်း အဓမ္မလိုက်ခေါ်

January 26, 2026

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က တစ်အိမ်တက်ဆင်း အဓမ္မလိုက်လံခေါ်ဆောင်ပြီး မဲထည့်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက္ကာရွာတွင် မဲလာထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် နေအိမ်များသို့ လာရောက်ခေါ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။

“တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ခေါ်ပြီး ထည့်ခိုင်းတယ်။ လိုက်ခေါ်နေလို့ ကြိုသိသူတွေကလည်း ထွက်ပြေးကြတယ်။ ပိတ်မိသူကလည်း သွားထည့်ရတယ်။ မထည့်ရင် ပင်လယ်ပြင် ထွက်ခွင့်မပြုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကျောက္ကာကျေးရွာအုပ်စုတွင် မဲရုံနှစ်ရုံရှိပြီး ကျောက္ကာရွာတွင် တစ်ရုံ၊ သကျက်ကမ်းတွင် တစ်ရုံရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက္ကာရွာတစ်ဖက်ကမ်းရှိ သကျက်ကမ်းရွာနှင့် ရာဇဂြိုလ်ရွာနှစ်ရွာသည် သကျက်ကမ်းစာသင်ကျောင်း မဲရုံတွင် မဲထည့်ရပြီး မဲထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများ အဓမ္မခေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အိမ်ထောင်စု မရှိသူများ၊ မှတ်ပုံတင်မရှိသူများ၊ စစ်ဘေးရှောင်များနှင့် မဲထည့်ပြီးသူများကိုလည်း နံနက်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂နာရီတွင် တစ်ကြိမ် လိုက်ခေါ်ပြီး မထည့်ပါက ပစ်သတ်မည်ဟုခြိမ်းခြောက်ပြီး မဲပြန်သွားထည့်ခိုင်းကြောင်း ၎င်းက ဆိုသည်။

“မင်းတို့ကို လူလိုပြောတာ လူလိုနားမလည်ဘူးဆိုပြီး အကုန်ဆွဲထုတ် အကုန်ပြန်ထည့်ခိုင်းတယ်။ ပွဲကြမ်းတော့ ကြောက်ပြီး ပြန်သွားထည့်ကြတယ်။ ထည့်ပြီးသားလူတွေ လက်သန်းမှာ မင်ပြလည်း မရဘူး။ ပြန်သွားထည့်ခိုင်းတယ်။ တချို့လူတွေဆို ဘယ်နှစ်ကြိမ်ထည့်လိုက်ရမှန်းတောင် မသိတော့ဘူး” ဟု အထက်ပါဒေသခံက ပြောသည်။

သကျက်ကမ်းနှင့် ရာဇဂြိုလ်ရွာတို့ကို စစ်အာဏာရှင်တပ်သာများ မွန်းလွဲ ၂နာရီက ပြန်လာချိန်တွင် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ခေါ်ကာ မဲမထည့်ပါက အိမ်ကိုချိပ်ပိတ်မည်၊ မီးရှို့မည်ဟုလည်း ခြိမ်းခြောက်သဖြင့် ကြောက်ပြီး မဲသွားထည့်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။