ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောင်းမကန်မဲရုံကို ဒရုန်းဖြင့်ဗုံးချ

January 26, 2026

ဓာတ်ပုံ - MOI

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ မဲရုံတွင် မဲပေးသူများ မရှိတော့သည့် ညနေ ၄နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချသဖြင့် မဲရုံဖွင့်ထားသည့် ကျောင်းခြံဝင်းအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။

မဲပေးသူများ မရှိတော့ဘဲ စစ်အာဏာရှင်တပ် တပ်ဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများ ရှိနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဗုံးချခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“တစ်ချက်တည်းပါပဲ။ မဲရုံအနီးကို ကျတာ။ ရွာသူရွာသားတွေရော မဲရုံအဖွဲ့တွေရော အထိအခိုက်မရှိဘူး။ စစ်တပ်က ပြန်လည်း မပစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အထက်ပါ တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

စစ်ကော်မရှင်သည် လောင်းလုံးမြို့နယ်၌ ကျေးရွာ ၃ ရွာတွင် မဲရုံ ငါးရုံဖွင့်လှစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

မောင်းမကန်ကျေးရွာရှိ မဲရုံမှာ မောင်းမကန်ကျေးရွာအဝင် မူကြိုကျောင်းဝင်းအတွင်း ပြုလုပ်ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနေချိန် ဆက်သွက်ရေးဖြတ်တောက်သည့် ကိရိယာ တပ်ဆင်ထားသည့် ကားတစ်စီးနှင့် လုံခြုံရေးအနည်းငယ် မဲရုံဝန်းကျင်တွင် ချထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေချိန် ဇန်နဝါရီလ ၂၅ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်စခန်းတို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ယင်းသို့တိုက်ခိုက်မှု ဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့ပေါ်ရှိ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိတ်လန့်သေဆုံးခဲ့သည်။

လောင်းလုံးတွင် ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲနေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု များကြောင့် အရပ်သား လေးဦး ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရှိသူ ငါးဦးထက်မနည်းရှိခဲ့သည်။

ရွေးကောက်ပွဲကျင်းပနေချိန် လုံခြုံရေးချထားသည့် လောင်းလုံး-ထားဝယ်လမ်းပိုင်းရှိ စစ်အာဏာရှင်တပ်တို့သည့် ယနေ့ နံနက်စောစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းသွားကြောင်း လောင်းလုံးဒေသခံများ၏ ပြောကြားချက်အရသိရသည်။