ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။
မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။
ကိုမျိုးသန့်၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်နှင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များက ကျခံပေးခဲ့ပြီး အလုပ် နားနေသည့်အချိန်တွင်လည်း ထောက်ပံ့ငွေများကို အလုပ်ရှင်ဘက်က ပေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
လက်ချောင်းများ ဆုံးရှုံးခဲ့မှုအတွက် ပကန်စံခွန်အတိုင်း နစ်နာကြေးရရှိရန် စက်ရုံဘက်က တာဝန်ယူလုပ်ဆောင်ပေးမည်ဟု ကိုမျိုးသန့်ကို ပြောဆိုထားသော်လည်း ဇန်နဝါရီလ ၂၆ ရက်အထိ နစ်နာကြေး ရရှိခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ကူညီဆောင်ရွက်ပေးရန် ကိုမျိုးသန့်က WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။
“အလုပ်သမားကိုယ်တိုင် အလုပ်ရှင်ကို သွားပြောတော့ မလုပ်ပေးနိုင်ဘူးဆိုပြီး ပြောတယ်။ စက်ရုံဘက်က တာဝန်ယူမယ်ဆိုပြီး မလုပ်ပေးတာပေါ့။ ကျွန်တော်တို့ကတော့ စာရွက်စာတမ်းတွေကို စုပြီး ဆက်လုပ်သွားရပါမယ်” ဟု ကိုမုန်တိုင်းက ပြောသည်။
ကိုမျိုးသန့်သည် လက်ပြတ်သွားသည့်အတွက် နစ်နာကြေး ဘတ် ၄ သိန်း ဝန်းကျင်ခန့် ရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
ကိုမျိုးသန့်သည် နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်ဖြင့် ဝင်လာသော အလုပ်သမားတစ်ဦးဖြစ်ပြီး စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့် ကြာပြီဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် နစ်နာကြေးကိစ္စအတွက် စာရွက်စာတမ်းများကို စုစည်းနေဆဲဖြစ်ပြီး သက်ဆိုင်ရာ ရုံးများတွင် ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။







