စင်္ကာပူနိုင်ငံတွင် အသက် ၇ နှစ်အရွယ် သားဖြစ်သူအား ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ခြေထောက်ဖြင့် တက်နင်းခြင်း ပြုလုပ်သည့် မိခင်ဖြစ်သူကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် တရားရုံးက ထောင်ဒဏ် ၉ လ ချမှတ်လိုက်သည်။
သားသမီးများ၏ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန်အတွက် အသက် ၃၁ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီး၏ အမည်ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။
လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွင် ထင်ထင်ရှားရှား မှတ်တမ်းတင်ဖမ်းယူထားနိုင်ခဲ့သည့် အဆိုပါ အမှုမှာ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအား ခင်ပွန်းဖြစ်သူကိုယ်တိုင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါအမျိုးသမီးသည် ၇ နှစ်အရွယ် သားဖြစ်သူအပေါ် ရိုင်းစိုင်းသော စကားလုံးများဖြင့် ဆဲဆိုပြောဆိုခဲ့ရာမှ ဇနီးမောင်နှံ နှစ်ဦးအကြား အငြင်းပွားမှု ဖြစ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။
ယင်းနောက် ခင်ပွန်းဖြစ်သူက ဧည့်ခန်းအတွင်း ဝတ်ပြုရန် ထွက်သွားခဲ့ပြီး အမျိုးသမီးက ကလေးငယ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ စတင်ဆူပူကြိမ်းမောင်းခဲ့ကြောင်း ဆိုသည်။
ယင်းနောက် ကလေးအား ရိုက်နှက်ကာ ကလေးငယ် ကြမ်းပြင်ပေါ်တွင် လဲကျနေစဉ်မှာပင် အဆိုပါ အမျိုးသမီးက ခြေထောက်ဖြင့် နင်းခြင်း၊ ကိုယ်ခန္ဓာကို ကန်ကျောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လက်ညှိုးထိုးကာ ဆက်လက်ဆူပူနေခဲ့ကြောင်း တရားလိုရှေ့နေက ဆိုသည်။
ဆူညံသံများကို ကြားရသဖြင့် ကလေးငယ်၏ ဖခင်ဖြစ်သူမှာ မိခင်ဖြစ်သူအား တားဆီးရန် အပြေးအလွှား ရောက်ရှိ လာပြီးနောက် ဇနီးမောင်နှံနှစ်ဦးကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အိမ်အကူက ဝင်ရောက်ဖျန်ဖြေပေးခဲ့ရသည်။
ကလေးသူငယ်အပေါ် မလျော်မကန် ပြုမူဆက်ဆံမှု စွဲချက်တစ်ခုအတွက် အပြစ်ရှိကြောင်း အဆိုပါ အမျိုးသမီးက ဝန်ခံခဲ့သည်။
သူမအား အပြစ်ဒဏ် ချမှတ်ရာတွင် ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုနှင့် ဆက်စပ်သည့် အခြားစွဲချက်နှစ်ခုကိုလည်း တရားရုံးက ထည့်သွင်းစဉ်းစားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး၏ ရှေ့နေက ထောင်ဒဏ်အစား ခံဝန် သို့မဟုတ် ငွေဒဏ်အမြောက်အမြား ချမှတ်ရန် လျှောက်လဲခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
Source: CNA







