ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘောဒီယားမှ ပြန်ပို့သည့် အွန်လိုင်းလောင်းကစားတွင်ပါဝင်သူ မြန်မာလေးရာနီးပါး မြိတ်မြို့သို့ရောက်လာ

January 26, 2026

ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် အွန်လိုင်းလိမ်လည် လောင်းကစားတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၃၈၀ ဦး ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ လွှဲပြောင်းပေးပြီးနောက် ယခုကဲ့သို့ မြိတ်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၅၅၆ ဦး ကမ္ဘောဒီးနိုင်ငံက လွှဲပြောင်းပေးခဲ့သည့်အနက် မြိတ်မြို့သို့ ၃၈၀ ဦး ရောက်ရှိလာခြင်းဖြစ်သည်။

ပထမအသုတ် ၁၃၆ ဦးကို မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်က ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွက်မူ နောက်ထပ် မြန်မာနိုင်ငံသား ၅၀ ဦးကို မန္တလေးမြို့သို့ပင် ပို့ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ကျန်ရှိသည့် ၃၈၀ ဦးကိုမူ စစ်အာဏာရှင်လေတပ်က လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်ခွဲပြီး မြိတ်မြို့သို့ ဇန်နဝါရီလ ၂၅ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြိတ်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို စစ်အာဏာရှပ်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ် ကျော်ကျော်ဟန်က သွားရောက်တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။

ကမ္ဘောဒီးယားနိုင်ငံထဲ အွန်လိုင်းလိမ်လည်လောင်းကစားတွင်ပါဝင်သည့် မြန်မာနိုင်ငံသားများကို မည်သည့်အတွက် မြိတ်မြို့သို့ ပို့ဆောင်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေး။

တစ်ဖက်တွင်မူ စစ်အာဏာရှင်တပ်သည် ထိုင်းနိုင်ငံတွင်း ပြစ်ဒဏ်ကျခံပြီး ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်လာသူများကို အဓမ္မစစ်မှုထမ်းစုဆောင်းလျက်ရှိသည်။

ယခုမြိတ်မြိတ်သို့ ပြန်ပို့ခံရသည့် အွန်လိုင်းလိမ်လည်လောင်းကစားတွင် ပါဝင်သူများကိုလည်း မှတ်ပုံတင်၊ နေရပ်လိပ်စာ စသည့် အချက်အလက်များကို စစ်အာဏာရှင်တပ်ကပင် စစ်ဆေးနေကြောင်း ဆိုသည်။