ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂရင်းလန်းအရေးနောက်ကွယ်က အလှကုန်ဘီလျံနာ

January 26, 2026

ဂရင်းလန်းကျွန်းကို အမေရိကန်က အမြဲတမ်း အပြည့်အဝ ဝင်ရောက်အသုံးပြုခွင့် ရသွားပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မယ့် ခြိမ်းခြောက်မှုကိုလည်း ပြန်ရုတ်သိမ်းလိုက်ပါပြီ။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက အနောက်အုပ်စုရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ နေတိုးအဖွဲ့ကို ပြိုကွဲလုနီးနီး ဖြစ်စေခဲ့တဲ့ ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုတ်သိမ်းလိုက်တာပါ။

ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် စိတ်ကူးဟာ ရွှေဝါရောင်ဆံပင်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံး လူရဲ့ ခေါင်းထဲကို ဘယ်လို ရောက်လာခဲ့တာပါလဲ။

ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ် Estée Lauder နဲ့ ဆက်စပ်နေပါတယ်။

ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကာလတုန်းက တစ်ရက်မှာ သူ့ရဲ့ ထိပ်တန်းလက်ထောက်တစ်ယောက်ကို ဘဲဥပုံရုံးခန်းထဲမှာ ခေါ်တွေ့ခဲ့ပါတယ်။

“ထရမ့်က ကျွန်တော့်ကို ဘဲဥပုံရုံးခန်းထဲ ခေါ်တွေ့တယ်။ အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်းကို ဝယ်သင့်တယ်လို့ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်က အကြံပြုထားတယ်ဆိုတဲ့အကြောင်း ထရမ့်က ပြောပြပါတယ်”

အဲဒီနေ့မှာ ထရမ့်က သူ့ကို ခေါ်တွေ့ခဲ့တဲ့ အကြောင်းကို အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြန်ပြောပြတာပါ။

အမေရိကန်က ဂရင်းလန်းကျွန်းကို ဝယ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ကို အကြံပေးခဲ့တဲ့ နာမည်ကြီး စီးပွားရေးသမားဟာ ရော်နယ်လော်ဒါ ဖြစ်နေတာကို အဲဒီနေ့မှာ ဂျွန်ဘော်လ်တန် သိလိုက်ရပါတယ်။

အသက် ၈၁ နှစ်အရွယ်ရှိတဲ့ ဘီလျံနာ ရော်နယ်လော်ဒါဟာ ကမ္ဘာကျော် အလှကုန်အမှတ်တံဆိပ် Estée Lauder ကုမ္ပဏီကို ပိုင်ဆိုင်မှု ဆက်ခံရမယ့်သူပါ။ နယူးယောက်သား ဘီလျံနာတွေ ဖြစ်ကြတဲ့ ဒေါ်နယ်ထရမ့်နဲ့ ရော်နယ်လော်ဒါဟာ နှစ်ပေါင်း ၆၀ ကျော် သိကျွမ်းရင်းနှီးလာခဲ့သူတွေ ဖြစ်ပါတယ်။

ရော်နယ်လော်ဒါရဲ့ ကြားဝင်တိုက်တွန်းမှုကြောင့် ထရမ့်အစိုးရဟာ ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်းမှာ အမေရိကန်ရဲ့ ဩဇာအာဏာ တိုးချဲ့နိုင်မယ့် နည်းလမ်းတွေကို အနံ့ခံရှာဖွေတာ စလာခဲ့ပါတယ်။

ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဒေါ်နယ်ထရမ့်ဟာ ရော်နယ်လော်ဒါရဲ့ အကြံဉာဏ်ကို ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါဟာ သမ္မတထရမ့်ရဲ့ ပုံမှန်လုပ်နေကျပုံစံပဲလို့ ဘော်လ်တန်က ဆိုပါတယ်။

“သူ့မိတ်ဆွေတွေဆီက ကြားရတဲ့ သတင်းအစအနလေးတွေကို အမှန်တရားလို့ ထရမ့်က မှတ်ယူတတ်တယ်။ ပြီးရင်တော့ သူ့အမြင်ကို ဘယ်သူမှ သွားပြောင်းလဲပစ်လို့ မရတော့ဘူး” လို့ ဘော်လ်တန်က ပြောပါတယ်။

ရော်နယ်လော်ဒါရဲ့ အကြံပေးချက်က ဒေါ်နယ်ထရမ့်ရဲ့ နယ်ချဲ့အာသီသတွေကို မီးထိုးပေးလိုက်သလိုပါပဲ။ ဘဲဥပုံရုံးခန်းထဲမှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဘော်လ်တန်ကို ခေါ်တွေ့ပြီးတဲ့နောက် ရှစ်နှစ်အကြာမှာတော့ ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်းကို ပိုက်ဆံပေးဝယ်ဖို့တင်မကဘဲ စစ်တပ်သုံးပြီး သိမ်းပိုက်ဖို့ပါ စဉ်းစားလာခဲ့ပါတယ်။

ရော်နယ်လော်ဒါရဲ့ အကြံပေးချက်ဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်နွှယ်နေပုံ ရတယ်လို့ The Guardian သတင်းစာက ဖော်ပြပါတယ်။ ထရမ့်က ဂရင်းလန်းကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေခဲ့သလို ရော်နယ်လော်ဒါကလည်း ဂရင်းလန်းမှာ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ရယူထားခဲ့ပါတယ်။ ယူကရိန်းက သတ္တုတွင်းတွေကို လိုချင်နေတဲ့ စီးပွားရေးအုပ်စုထဲမှာလည်း ရော်နယ်လော်ဒါ ပါဝင်နေပါတယ်။ ဒီအချက်က ထရမ့်ကို ယူကရိန်းက သတ္တုသယံဇာတတွေကို ဝေစုယူဖို့ တွန်းအားဖြစ်စေခဲ့ပုံပါပဲလို့ The Guardian သတင်းစာက ဖော်ပြပါတယ်။

နာမည်ကြီးစီးပွားရေးကျောင်းတစ်ခုမှာ အတူတက်ရင်း ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဒေါ်နယ်ထရမ့်နဲ့ သူနဲ့ ပထမဆုံး ဆုံခဲ့တယ်လို့ ရော်နယ်လော်ဒါက ပြောဖူးပါတယ်။ သူ့မိသားစုပိုင် အလှကုန်လုပ်ငန်းမှာ ဝင်လုပ်ကိုင်ပြီးနောက် ရော်နယ်လော်ဒါဟာ အမေရိကန်သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာ ပင်တဂွန်စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သြစတြီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်လည်း လုပ်ခဲ့ဖူးပါတယ်။ ၁၉၈၉ မှာတော့ နယူးယောက်မြို့တော်ဝန်အဖြစ် ဝင်ပြိုင်ပေမယ့် ရွေးကောက်ပွဲ ရှုံးခဲ့ပါတယ်။

၂၀၁၆ မှာ ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတော့ ရော်နယ်လော်ဒါဟာ Trump Victory ရန်ပုံငွေအဖွဲ့ကို ဒေါ်လာတစ်သိန်း လှူခဲ့ပါတယ်။ ၂၀၁၈ မှာ ထရမ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေအပေါ် မေးခွန်းထုတ်ကြတာတွေ ရှိလာတဲ့အချိန်မှာ ရော်နယ်လော်ဒါက ထရမ့်ဟာ “တကယ်ကို ထိုးထွင်းမြင်နိုင်စွမ်းရှိပြီး ဉာဏ်ရည်ထက်မြက်တဲ့ လူ” ဆိုပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ အင်မတန်ရှုပ်ထွေးခက်ခဲတဲ့ သံတမန်ရေးစိန်ခေါ်မှုတွေမှာ သူ ကူညီပေးနေတယ်လို့ အဲဒီနှစ်မှာပဲ ရော်နယ်လော်ဒါက ပြောခဲ့ပါတယ်။ အဲဒီအထဲမှာ အာတိတ်ဒေသမှာ နယ်မြေတိုးချဲ့ဖို့ ထရမ့်စိတ်ကူးကို ပျိုးထောင်ပေးခဲ့တာလည်း ပါပုံရတယ်လို့ The Guardian သတင်းစာက ရေးသားပါတယ်။

နောက်တစ်နှစ်မှာပဲ ထရမ့်ဟာ ဂရင်းလန်းကို စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်း The Wall Street Journal က ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းထွက်လာချိန်မှာ ဒိန်းမတ်အစိုးရဘက်က အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီး မကြာခင်မှာပဲ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့အကြီးဆုံးကျွန်း ဂရင်းလန်းကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက်ဖို့ လူသိရှင်ကြား စဉ်းစားလာချိန်မှာ ရော်နယ်လော်ဒါက ထရမ့်ဘက်ကနေ ရှေ့နေလိုက် ကာကွယ်ပေးခဲ့ပါတယ်။

“ဂရင်းလန်းနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ စိတ်ကူးက အဓိပ္ပာယ်မရှိတဲ့အရာ မဟုတ်ဘူး။ ဒါက မဟာဗျူဟာမြောက်ကိစ္စပဲ” လို့ ရော်နယ်လော်ဒါက New York Post မှာ ရေးခဲ့ပါတယ်။

“ရေခဲပြင်နဲ့ ကျောက်ဆောင်တွေအောက်မှာ အေအိုင်နည်းပညာ၊ အဆင့်မြင့်လက်နက်နဲ့ ခေတ်သစ်နည်းပညာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု ရတနာသိုက်ကြီး ရှိနေတယ်။ ရေခဲတွေ အရည်ပျော်လာတာနဲ့အမျှ ပင်လယ်ရေလမ်းကြောင်းသစ်တွေ ပေါ်လာပြီး ကမ္ဘာ့ကုန်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေတွေကို ပြောင်းလဲပစ်တော့မှာပါ” လို့ သူက ဆိုပါတယ်။

ဂရင်းလန်းဟာ ‘အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုဗဟိုချက် ဖြစ်တာကြောင့် အမေရိကန်အနေနဲ့ ဂရင်းလန်းနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်အောင် ကြိုးပမ်းသင့်တယ်လို့လည်း ဆိုပါတယ်။

မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ဂရင်းလန်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ကိုင်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီလို့ ရော်နယ်လော်ဒါက သူ့ကိုယ်သူ ပြောပါတယ်။

ရော်နယ်လော်ဒါရဲ့ စီးပွားဖက် ယာဂန်ဗေဘာယိုဟန်ဆန်ဟာ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခင်ပွန်းဖြစ်သလို ဂရင်းလန်း နိုင်ငံရေးပါတီတစ်ခုရဲ့ ဒေသန္တရခေါင်းဆောင်လည်း ဟုတ်ပါတယ်။

မကြာသေးခင်က ဂရင်းလန်းမှာ နယူးယောက်လိပ်စာနဲ့ ပိုင်ရှင်အမည်မသိရတဲ့ ကုမ္ပဏီတစ်ခုဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာကို ဒိန်းမတ်ကုမ္ပဏီမှတ်တမ်းတွေက ဖော်ပြပါတယ်။ အဲဒီကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ရော်နယ်လော်ဒါလည်း ပါဝင်တယ်ဆိုတာကို ဒိန်းမတ်သတင်းစာတစ်စောင်က ဒီဇင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။

ဆိုခဲ့ပါ ရင်းနှီးမြှုပ်နှံအုပ်စုဟာ အလူမီနီယံအရည်ကျိုစက်ရုံအတွက် ဂရင်းလန်းရဲ့ အကြီးဆုံးရေအိုင်ကနေ ရေအားလျှပ်စစ်ထုတ်ယူဖို့ ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ရော်နယ်က ဂရင်းလန်းကျွန်းမှာ ရင်းနှီးမြှုပ်နှံထားတာတွေထဲမှာ Greenland Water Bank ဆိုတဲ့ သောက်ရေသန့် လုပ်ငန်းတစ်ခုလည်း ပါဝင်ပါတယ်။ ဂရင်းလန်းမှာ ရော်နယ်လော်ဒါရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဒိန်းမတ်တော်ဝင်ကာကွယ်ရေးကောလိပ်က တွဲဖက်ပါမောက္ခတစ်ယောက်က အခုလို ပြောပါတယ်။

“ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ အမြတ်ရမရဆိုတာက ဒုတိယအချက်ပါ။ တကယ်အရေးကြီးတာက ဂရင်းလန်းရဲ့ အီလစ်တွေနဲ့ ရင်းနှီးခွင့်ရပြီး ဂရင်းလန်းအတွက် အမေရိကန်က ဒိန်းမတ်ထက် ပိုကောင်းတဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတဲ့ အမြင်မျိုး ရိုက်သွင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်”

အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်နိုင်သွားရင် ရော်နယ်လော်ဒါရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒိန်းမတ်နိုင်ငံတကာလေ့လာရေးအင်စတီကျုက ဆရာတစ်ယောက်ကတော့ အခုလို ပြောပါတယ်။

“သတိထားစောင့်ကြည့်ရမယ့် အကြောင်းအရင်းတွေ ရှိနေပါတယ်။ အထူးသဖြင့် ရော်နယ်လော်ဒါလို လူမျိုးက ပါဝင်ပတ်သက်နေရင်ပေါ့”

Ref: The Guardian ၊ Reuters ၊ First Post

ဈာန်ဟိန်း