ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယခုနှစ်ပွင့်လင်းရာသီအစ ရော်ဘာအထွက်နည်းသည့်အပြင် စျေးကျနေ

December 25, 2025

Photo - Dawei Watch

ယခုနှစ် ပွင့်လင်းရာသီအစ၌ မွန်နှင့်ထားဝယ်ဒေသတွင် ရော်ဘာအထွက်နှုန်းနည်းသည့်အပြင် ရော်ဘာစျေးလည်းကျဆင်းနေကြောင်း တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။

” အထွက်နှုန်းနည်းတယ် ။ ခုလပိုင်းတွေက (ရော်ဘာအစေး) ပိုရမယ့်အချိန်ကို ထင်သလောက်မရဘူး ။ ဒီလတွေပဲ အစေး ကအထွက်အားကောင်းတာ ။ အခုကဒီလတွေတောင်မထွက်တော့ဘူး ။ အရင်က ၄၀(ရော်ဘာအပြား) ထွက်တဲ့ခြံကအခု ၂၀ ကျော်ပဲထွက်တယ်” ဟု ထားဝယ်ဒေသခံရော်ဘာခြံရှင်တစ်ဦးကပြောသည် ။

ရော်ဘာကို မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီအစ နိုဝင်ဘာလခန့်မှစ၍ မေလလောက်အထိ အစေးခြစ်ကြပြီး အအေးပိုသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် အစေးပိုထွက်လေ့ရှိကြောင်း ရော်ဘာခြစ်တောင်သူများကဆိုသည် ။

” အရင်က (ရော်ဘာပြား) သုံးပြား လောက်ထွက်တဲ့အပင်က နှစ်ပြားသာသာလောက်ပဲ ထွက်တော့တာမျိုး ။ ကော်ချီးပြန်ထုတ်တာနဲ့ဆို သိပ်မကျန်ဘူး ။ စျေးလည်းမရှိတော့ တွက်ချေမကိုက်ဘူးလေ ” ဟု တစ်ပိုင်တစ်နိုင် ကိုယ်တိုင်ရော်ဘာခြစ်သည့် ရေဖြူမြို့နယ် က ရော်ဘာခြံရှင်တစ်ဦး ကပြောသည်။

ထားဝယ်တွင် ယခုနှစ်ရော်ဘာအဖွင့်စျေးမှာ ပြည်ပဝယ်လက်မရှိသည့်အပြင် တင်ပို့သည့်လမ်းခရီး ကြန့်ကြာမှုများကြောင့် ရော်ဘာနေလှန်းအပြားတစ်ပေါင် လျှင် ၂၆၀၀ ကျပ် ဝန်းကျင် သာစျေးရှိပြီး ပြီးခဲ့သည့်နှစ်ထက် အဖွင့်စျေးလျော့ကြောင်း စျေးကွက်အတွင်းမှစုံစမ်းသိရသည် ။

ရော်ဘာခြံစိုက် သက်တမ်း ဆယ်နှစ်အထက်ရှိသည့် မွန်ပြည်နယ်က ရော်ဘာခြံရှင်တစ်ဦး ကလည်း ၎င်း၏ခြံစိုက်သက်တမ်းတစ်လျှောက် ယခုနှစ်တွင် အထွက်နှုန်း အနည်းဆုံးဖြစ်ကြောင်းပြောဆိုသည် ။

” ဆယ်နှစ်လောက် လုပ်စားလာတာမှာ အခုနှစ် အထွက်နှုန်းအနည်းဆုံးပဲ ။ ရာသီအစထက်စာရင် အခုတော့ ပူလိုက်အေးလိုက်နဲ့ နည်းနည်းစီ အစေးတိုးတာမျိုးရှိတယ် ။ သိသိသာသာတော့မတိုးလာဘူး ” ဟု ၎င်းကပြောသည် ။

ရာသီဥတု မမျှတခြင်းနှင့် ယခုနှစ်တွင် အပင်အရွက်ကြွေသည့်ရောဂါ အဖြစ်များခြင်းကြောင့် ရော်ဘာအထွက်နှုန်းလျော့ရခြင်းဖြစ်ကြောင်း ဒေသခံစိုက်ပျိုးပညာရှင်တစ်ဦးက သုံးသပ်သည် ။

ယင်းအပြင် စစ်ရေး ပဋိပက္ခအမြဲကြုံတွေ့နေရသည့် ဒေသများ ၊ စစ်အာဏာရှင်တပ်က အခိုင်အမာ တပ်စွဲနေထိုင်ထားသည့် နေရာများ တွင်မူ အချိန်မရွေးတိုက်ပွဲများဖြစ်နိုင်ခြင်းနှင့် စစ်ကျန်လက်နက် ၊ မြေမြုပ်မိုင်းအန္တရာယ်များကြောင့် မလုပ်ကိုင်ရဘဲ ပစ်ထားရသည့် ရော်ဘာခြံများစွာရှိကြောင်း ထားဝယ်ဒေသခံ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည် ။