ကမ္ဘာ့အင်အားကြီးနိုင်ငံများ လကမ္ဘာကို အပြိုင်အဆိုင်စူးစမ်းနေချိန်တွင် ရုရှားက လာမည့်ဆယ်စုနှစ်အတွင်း လမျက်နှာပြင်ပေါ်၌ အဏုမြူစွမ်းအင်စက်ရုံ တည်ဆောက်ရန် စီစဉ်နေပြီဟုဆိုသည်။
ယင်းစက်ရုံမှာ ရုရှား၏ လကမ္ဘာဆိုင်ရာ အာကာသစီမံကိန်းနှင့် ရုရှား-တရုတ် ပူးတွဲသုတေသနစခန်းတစ်ခုအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။
၁၉၆၁ ခုနှစ်တွင် ဆိုဗီယက်ခေတ် ရုရှားအာကာသယာဉ်မှူး ယူရီဂါဂါရင်သည် အာကာသထဲသို့ ရောက်ရှိသည့် ကမ္ဘာ့ပထမဆုံး လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းအချိန်ကတည်းက ရုရှားသည် အာကာသစူးစမ်းရေးတွင် ထိပ်တန်းနိုင်ငံအဖြစ် ဂုဏ်ယူလာခဲ့သည်။
သို့သော် မကြာသေးမီနှစ်များအတွင်း ရုရှားသည် အာကာသစူးစမ်းရေးနယ်ပယ်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နောက် ကျန်ရစ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားက လွှတ်တင်ခဲ့သည့် လူမလိုက်ပါသည့် Luna-25 အာကာသယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျခဲ့မှုကြောင့် ရုရှား၏ အာကာသစူးစမ်းရေးရည်မှန်းချက်များ ထိခိုက်ခဲ့ရသည်။
တစ်ချိန်က ရုရှား၏ အထူးကျွမ်းကျင်မှုဖြစ်သော အာကာသယာဉ်လွှတ်တင်ရေးကဏ္ဍတွင်လည်း အီလွန်မတ်စ်က နည်းပညာအသစ်များဖြင့် လွှမ်းမိုးထားပြီဖြစ်သည်။
ရုရှားအာကာသအေဂျင်စီ Roscosmos က ၂၀၃၆ ခုနှစ်တွင် လကမ္ဘာတွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဟု ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်းအတွက် Lavochkin Association ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်။
ယင်းစက်ရုံမှာ အဏုမြူစွမ်းအင်သုံးစက်ရုံ ဖြစ်ကြောင်း Roscosmos က အတိအလင်း မပြောသော်လည်း ပူးပေါင်းပါဝင်သူများမှာ ရုရှား၏ ထိပ်တန်းအဏုမြူအဖွဲ့အစည်းများနှင့် သုတေသနဌာနများ ဖြစ်နေသည်။
အဆိုပါ စက်ရုံတည်ဆောက်ရန် ရည်ရွယ်ချက်သည် ရုရှား၏ လကမ္ဘာစူးစမ်းရေးယာဉ်များနှင့် ရုရှား-တရုတ် ပူးတွဲတည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ လကမ္ဘာသုတေသနစခန်း၏ အခြေခံအဆောက်အအုံများအတွက် လျှပ်စစ်ဓာတ်အား ပေးဝေရန်ဖြစ်ကြောင်း Roscosmos က ဆိုသည်။
“ဒီစီမံကိန်းဟာ အမြဲတမ်းလည်ပတ်မယ့် လကမ္ဘာသိပ္ပံသုတေသနစခန်း တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်သလို၊ တစ်ကြိမ်တစ်ခါသွားတဲ့ မစ်ရှင်တွေကနေ ရေရှည်လကမ္ဘာစူးစမ်းရေး အစီအစဉ်ဆီကို ကူးပြောင်းနိုင်မယ့် အခြေအနေလည်းဖြစ်ပါတယ်” ဟု Roscosmos က ထုတ်ပြန်သည်။
လမျက်နှာပြင်ပေါ်တွင် အဏုမြူစွမ်းအင်စက်ရုံ တည်ဆောက်ရန်နှင့် ကမ္ဘာဂြိုဟ်၏ ‘ညီအစ်မဂြိုဟ်’ ဟု တင်စားကြသည့် သောကြာဂြိုဟ်ကို စူးစမ်းလေ့လာရန်မှာ ၎င်းတို့ အဖွဲ့အစည်း၏ ရည်မှန်းချက်များဖြစ်ကြောင်း Roscosmos၏ အကြီးအကဲဖြစ်သူ ဒီမီထရီဘာကာနော့ဗ်က ဇွန်လတွင် ပြောကြားခဲ့သည်။
ကမ္ဘာဂြိုဟ်နှင့် ကီလိုမီတာ ၃၈၄,၄၀၀ အကွာတွင်ရှိသော လသည် ကမ္ဘာ့ဝင်ရိုးစွန်း ယိမ်းခါမှုကို ထိန်းညှိပေးကာ ကမ္ဘာ့ရာသီဥတု ပိုမိုတည်ငြိမ်စေရန် ကူညီပေးလျက် ရှိသည်။
လသည် ကမ္ဘာ့သမုဒ္ဒရာများတွင် ဒီရေအတက်အကျ ဖြစ်ပေါ်စေရန်လည်း ဖန်တီးပေးသည်။
Source: Reuters







