ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမ် - ၁၅ နှင့် ဆောက်ဖြစ်မှကျောင်းတကာဆိုသော်လည်း

December 25, 2025

တနင်္သာရီကမ်းလွန်ပင်လယ်ပြင် အကွက် အမ်-၁၅ တွင် အလွန်ကြီးသော သဘာဝ ဓာတ်ငွေ့သိုက်ကြီးတွေ့ရှိရသည်ဟူသော သတင်းများ မကြာသေးမီက ပျံ့လာသည်။ မကြာမီ တူးဖော်မည်ဟုလည်း ဆိုပြန်သည်။ ပညာရှင်အချို့ကမူ တူးကြည့်မှသာ ထွက်မည့်ပမာဏကို အနီးစပ်ဆုံး သိရမည်ဖြစ်ပြီး စီးပွားဖြစ်ထုတ်ရန်အတွက်မူ ကြာဦးမည်ဟုဆို၏။ အကယ်၍သာ ဤ တွေ့ရှိမှုကြီးက ခန့်မှန်းသည့်အတိုင်းမှန်နေခဲ့လျှင်ကော ဟု စဉ်းစားမိသည်။

အများသိကြပြီးသည့်အတိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှ ရငွေများသည် ယခင် ဗိုလ်သန်းရွှေ စစ်အုပ်စုမှသည် ယခု စစ်အုပ်စု အထိ ပြည်ပဝင်ငွေ ရှာဖွေနေဆဲဖြစ်၏။ မကြာသေးသော ၁၉၉၀ ပြည့်လွန်နှစ် အတိတ်ကို ပြန်ကြည့်လျှင် သည်လို ရေနံ သဘာဝဓာတ်ငွေ့ စီမံကိန်းများကို အကြောင်းပြု၍ စစ်တပ်၏ နယ်မြေစိုးမိုးမှု ထိုးစစ်ကြီးများ မြန်မာပြည်တောင်ပိုင်းတွင်ရှိခဲ့သည်။

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ၊ တရားလက်လွတ်သတ်ဖြတ်မှုများ၊ မြေယာသိမ်းဆည်းမှုနှင့် အဓမ္မရွှေ့ပြောင်းစေမှု၊ ခိုင်းစေမှု များကလည်း သက်သေ သာဓက တပုံတပင်ရှိနေသည်။ ထိုစဉ်က ထိုးစစ်များကြောင့် ကရင့်အမျိုးသားအစည်းအရုံး – ကေအဲန်ယူသည် နယ်မြေအချို့ကို လက်လွှတ် ခဲ့ရသည်။

ကေအဲန်ယူသည် မြန်မာစစ်တပ်၏ ထိုးစစ်ဖိအား အပြင် ထိုင်းနိုင်ငံ၏ ဖိအားပေးမှုကို ခံခဲ့ရကြောင်း ပညာရှင်အချို့က ယင်းတို့၏ သုတေသန စာတမ်းများတွင် သုံးသပ်ထားသည်။ အကြောင်းမှာ ထိုစီမံကိန်းများတွင် ထိုင်းနိုင်ငံသည် စီးပွားဖက်ဖြစ်နေပြီး အဓိက ဝယ်လက်လည်း ဖြစ်သည်။

ထိုစီမံကိန်းများမှာ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေပြီး မြန်မာစစ်အုပ်စု ကိုလည်း တရားဝင် အစိုးရသဖွယ်ဆက်ဆံခဲ့ကြသည်။ အခြားတဖက်တွင်မူ တိုင်းရင်းသား ထိုင်း-မြန်မာ နယ်စပ်တွင် လှုပ်ရှားအခြေစိုက်ရသော လက်နက်ကိုင် အဖွဲ့များမှာ ထိုင်းနိုင်ငံကို စားနပ်ရိက္ခာ၊ ဆေးဝါးမှအစ လက်နက်ခဲယမ်းအထိ အကြောင်းမျိုးစုံဖြင့် မှီခိုနေခဲ့ရသည်။ ထို့ကြောင့် ထိုင်း၏ မျက်နှာကို ကြည့်ရခြင်းမျိုးဖြစ်သည်။

နတ်နေကိုင်း စီမံကိန်းများလား

၂၀၂၁-၂၀၂၅ မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ အပြောင်းအလဲများစွာဖြင့်ပြည့်နေသည်။ တနိုင်ငံလုံးရှိ နေရာ အနှံ့အပြားတွင် ဖြစ်ပျက်နေသလိုပင် တနင်္သာရီတိုင်း အတွင်းတွင် စစ်အုပ်စု၏ ထိန်းချုပ်နိုင်မှုမှာ ယခင်ကလိုမဟုတ်။ သို့သော် စစ်အုပ်စုသည် စွမ်းအင်စီမံကိန်းကြီးများကို ထိန်းထားဆဲ။ အကျိုးရနေဆဲ။

စစ်အုပ်စု၏ လုပ်ရပ်များကြောင့် စွမ်းအင်စီမံကိန်းမှ ကုမ္ပဏီကြီးအချို့ ထွက်ခွာသွား ကြပြီးနောက် ထိုင်းနိုင်ငံ၏ ပီတီတီအီးပီက ရှိရင်းစွဲ စွမ်းအင်စီမံကိန်းများတွင် အက္ခရာဖြစ်လာသည်။ ထိုင်းသည်ပင် အဓိက ဝယ်လက်ဆက်ဖြစ်နေပြီး ထိုင်းနိုင်ငံတွင် တိုးလာနေသည့် စွမ်းအင် လိုအပ်ချက် အရ ဆက်လက်ဝယ်နေဦးမည်၊ မြန်မာ့ကမ်းလွန်တွင် ဆက်လက်ရှာဖွေ တူးဖော် လုပ်ကိုင်ဖို့ အာသီသ ရှိနေဦးမည်ဟု ထင်မိသည်။

တဖက်တွင် လူ့အခွင့်အရေးအဖွဲ့အစည်းများက စစ်အုပ်စု ဝင်ငွေ ရနေသည့် ထိုစီမံကိန်းများကို ထောက်ပြနေကြသော်လည်း စီမံကိန်းများကတော့ အရှိန်မပျက်ပေ။ ထိုင်းနိုင်ငံကို အတိုင်းအတာ တခုအထိ အားကိုးနေရဆဲဖြစ်သော တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း ထိုင်း၏ အကျိုးစီးပွား ပါဝင်သော စီမံကိန်းများကို ရပ်တန့်အောင် လုပ်ဖို့ဆိုသည်မှာ ခက်ခဲသော ပုစ္ဆာကြီးတပုဒ် ဖြစ်မည် ထင်သည်။ (၁၀၂၇ နှင့် ဆက်စပ်၍ မြောက်ပိုင်းအဖွဲ့အချို့ တရုတ်၏ပိတ်ဆို့မှုနှင့် ဖိအားပေးမှု ကြုံရသည်နှင့်ဆက်စပ်တွေးကြည့်နိုင်ပါသည်။)

အေအိုင် စီးပွားရေးနှင့် စွမ်းအင်ဆာလောင်မှု

အေအိုင်ခေတ်တွင် စွမ်းအင်လိုအပ်ချက်မှာ အဆများစွာခုန်တက်လာနေသည်။ မီးစားလှသော ဒေတာ စင်တာကြီးများ တည်ဆောက်ရသောကြောင့်ဖြစ်သည်။ ဒေသတွင်း ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒို စသည်တို့က အေအိုင်နည်းပညာ စီးပွားရေးတွင် အပြိုင်အဆိုင်ဖြစ်လာနေသည်။

ထိုပြိုင်ပွဲတွင် စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းနိုင်သူ၊ လျှပ်စစ်အခြေခံအဆောက်အအုံများ ပြည့်စုံသူက နှာတဖျားသာ နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပို၍မြင့်လာသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာ နှင့် လာအို၊ ကမ္ဘောဒီယားတို့ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများတွင် လျှပ်စစ် ထုတ်ရန် အစဉ်တစိုက်ကြိုးပမ်းနေခဲ့သည်။ လာအိုတွင် ထိုင်းကုမ္ပဏီများ ရေအား လျှပ်စစ် ထုတ်ကြသည်။ မဲခေါင်မြစ်ပေါ်တွင် ဆည်ဆောက်သည်မျိုးရှိသည်။ သံလွင်မြစ်သည်ပင် ထိုင်းကုမ္ပဏီများက မျက်စိကျ၍ ရေအားလျှပ်စစ်ထုတ်လိုသည့် မြစ်ထဲပါနေသည်။

ဆည်ဆောက်လျှင် အကျိုးသက်ရောက်မှုများသည့်အပြင် ဝေဖန်ကန့်ကွက်မှုလည်း များလှသဖြင့် နိုင်ငံတွင်း ရေအား ဆက်ထုတ်ရန်မှာ ထိုင်းအနေဖြင့် အလွန်ချိန်ဆဟန်တူသည်။

ဤသို့သော အခြေအနေတွင် မြန်မာပြည်မှ သဘာဝဓာတ်ငွေ့သိုက် အသစ်ရှိ၊ ရောင်းရန် ဈေးခေါ်ထား လျှင် ထိုင်းတို့အနေဖြင့် စိတ်ဝင်စားမည်ဖြစ်သည်။ ထိုင်း၏ ပီတီတီကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက စီမံကိန်းတို့တွင် ထဲထဲဝင်ဝင် ပါဝင်နေခဲ့ပြီးသားဖြစ်သည်။ ကမ်းလွန်လုပ်ကွက် များမှ ထိုင်းသို့ ပို့ဆောင်နေသော ပိုက်လိုင်းများနှင့် အခြေခံ အဆောက်အအုံအချို့ အပြင် မြန်မာပြည် လုပ်ငန်း အတွေ့အကြုံလည်း ပီတီတီတွင် ရှိနှင့်နေပြီးသား ဖြစ်သည်။

အကယ်၍ ဓာတ်ငွေ့သိုက် အောင်မြင်ခဲ့သော်

နေ့ချင်းညချင်းအမြန်ပေါ်လာမည့် လုပ်ငန်းမျိုးမဟုတ်သော်လည်း စစ်အုပ်စုအတွက်ကား နိုင်ငံခြားငွေ ရပေါက်တခုတိုးမည်ဖြစ်သည်။ တနင်္သာရီတိုင်းသားများအဖို့ကား ဤအသိုက်ကြီးက အကျိုးအမြတ်ရဖို့ အပထား ထိုအသိုက်ကြီးကို အကြောင်းပြု၍ ပေါ်လာမည့် ပြဿနာများစွာ ရှိနေနိုင်သည်။

အနိမ့်ဆုံးကတော့ ပင်လယ်ထဲ ဘယ်နေရာ ဖြတ်သန်းမသွားရဆိုတာက စနိုင်သည်။ ရေလုပ်သားများအတွက်မူ ဦးရှင်ကြီးနှင့် ရှီဂိုသီး၏ အကြပ်ကိုင်မှုများ ပိုလာနိုင်သည်။ ပိုက်လိုင်းနှင့် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ကုန်းပေါ်တွင် လာဆောက်သော အခါတွင်လည်း ပြည်သူ အချို့၏ မြေယာနှင့် တော်လှန်ရေးအချို့၏ ထိန်းချုပ်နယ်မြေများတွင် သက်ရောက်မှုအချို့ ရှိလာပေမည်။

အဆိုးဆုံးအခြေအနေတွင် နယ်မြေရှင်းလင်း၊ အခြေကုပ်ယူ၊ နယ်မြေစိုးမိုးရန် ထိုးစစ်ကြီးများ ကြုံရနိုင်ပေသည်။ ဤသည်ကလည်း ပိုက်လိုင်းသည် မည်သည့်နေရာက ဖြတ်သွားမည် ဆိုသည်နှင့်လည်း ဆိုင်ပါ၏။

အကယ်၍ အဓိကဝယ်လက်မှာ ထိုင်းဖြစ်ကာ ပီတီတီကဲ့သို့သော ထိုင်းကုမ္ပဏီများပါဝင်ခဲ့ပါက ထိုင်းနိုင်ငံအပေါ်မှီခိုနေရသော တော်လှန်ရေးအဖွဲ့များအနေဖြစ် စီမံကိန်းကို ဟန့်တားရန် အကျပ်ရိုက် နိုင်ပေသည်။ တဖက်တွင်လည်း စစ်အုပ်စုက ဝင်ငွေများစွာရလာကာ ယင်းတို့၏ အခြေခိုင်အောင် တော်လှန် ပြည်သူများကို ပို၍ ဖိနှိပ် အကြမ်းဖက်မည့် ဘေးကလည်း ရှိသည်။

သယံဇာတ ကျိန်စာလား

တနင်္သာရီသားများအတွက်မူ ကမ်းလွန် သဘာဝဓာတ်ငွေ့ ရေနံများမှာ ထိုးစစ်များ၊ မြေယာသိမ်းမှုများ၊ စစ်တပ်၏ အကြမ်းဖက် တင်းကျပ်ထိန်းချုပ်မှုများကို ယူလာတတ်သော အရာဖြစ်ခဲ့သည်။ နိုင်ငံခြားငွေ ဘီလျံပေါင်းများစွာ ရသည်ဟု ကြားရသော အနှီစီမံကိန်းများမှာ တိုင်းအတွင်းက ပိုက်လိုင်းဖြတ်သွား သော်လည်း တတိုင်းလုံးလျှပ်စစ်မီးပင် မရခဲ့။

နိုင်ငံတော် မဟာဓာတ်အားလိုင်း လည်း မရှိသလို ၂၄ နာရီမှန်မှန် မရသော လျှပ်စစ်ကိုပင် မီတာခ ဈေးနှုန်းကြီးမြင့်စွာ ပေးသုံး နေရသော တိုင်းဖြစ်၏။ ထို့ အပြင် ပထဝီအနေအထားကြောင့်လည်း ရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်လာသောအခါ လူအများ ဒုက္ခတွေ့ကြရသည်။ နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းများ မျက်နှာဖုံးအောက်တွင် လူတို့၏ ဘဝများ၊ အသက်များ၊ ပိုင်ဆိုင်မှုများကို လုယက်ယူငင်သည့် အဖြစ်အပျက်များစွာရှိခဲ့သည်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံအချို့တွင် သဘာဝသယံဇာတ စီမံမှုကိစ္စရပ်တွင် ပြည်သူများ အထူးသဖြင့် ဒေသခံများ၏ ဆုံးဖြတ်ချက် ပါဝင်မှုမှာ အခရာဖြစ်ပြီး ဒေသ၏ အကျိုးစီးပွားကို ရှေးရှု လေ့ရှိသည်။ စစ်အုပ်စုလက်ထဲရောက်သွားသည့် သယံဇာတရှိရာ အရပ်ဒေသက လူများအဖို့ကား ကျိန်စာမိနေသော အဖြစ်လို ကြုံရနိုင်ချေ ရှိပါပေသည်။

နော်ကာပွေ