BREAKING
November 25, 2025

မောတောင်လမ်းတွင် ၁၀ ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်

November 25, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့သို့ သွားသည့် လမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် သဲဖြူရွာအနီးဝန်းကျင်တို့တွင် စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ၁၀ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။

သိန်ခွန်းရွာနှင့် သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က လေကြောင်းနှင့် ကားများကို အသုံးပြု၍ စစ်အင်အားထပ်ဖြည့်ကာ စစ်ကြောင်းထိုးလာသဖြင့် နိုဝင်ဘာလ ၁၅ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၂၅ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စစ်အင်အားအလုံးအရင်းဖြင့် ခြေလျင်စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆိုသည်။

“နှစ်ဖက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်။ တိုက်ပွဲမပြီးသေးလို့ အသေးစိတ်ပြောလို့ မရသေးဘူး။ သူတို့ဘက်က ထိခိုက်တာရော သေတာရောများတယ်။ သူတို့က နှစ်လအတွင်း မောတောင်ကို ပြန်လည်ရယူဖို့ ကြေညာထားတာလည်း တွေ့ရတယ်။ အဲဒါကြောင့် အင်အားအလုံးအရင်းနဲ့ကို ဖိနေတယ်ထင်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရပြီး လေယာဉ်နှင့် ဒရုန်းများလည်း ကောင်းကင်တွင် ဝဲပျံနေသည်ကို နေ့တိုင်းနီးပါးမြင်တွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲဖြစ်နေတဲ့ဝန်းကျင်က ရွာသားတွေတော့ ပြောင်းရွှေ့ကုန်ပြီ။ လေကြောင်းက နေ့တိုင်းနီးပါး တက်နေတယ်။ ညဘက်လည်း ဒရုန်း (နဲ့ဗုံး) ချတာတွေရှိတယ်။ ဒီနေ့လည်း တိုက်ပွဲပြင်းထန်နေတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂၄ရက်တွင် မြိတ်မှ တနင်္သာရီမြို့သို့ ရိက္ခာနှင့် လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်အာဏာရှင်ကား ခြောက်စီးကို ဇဝဲကျေးရွာကိုဖြတ်၍ တနင်္သာရီမြို့ဘက်သို့ ဦးတည် မောင်းနှင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁၄ ရက်တွင် သိမ်းယူပြီးနောက် မောတောင်လမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။