စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် မဲစာရင်းပြုစုနေသူတစ်ဦးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဖမ်းဆီးထားကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။
ဇဟာရွာတွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဟန်ညွန့်ကို ရွာအရှေ့ပိုင်းရှိ ၎င်း၏ဥယျာဥ်ခြံအတွင်းရှိ နေအိမ်၌ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန် ထားတယ်။ ထုတ်ပြန်ချက်နဲ့ အညီလည်း အခုလုပ်တယ်။ တကယ်လို့ သူ (ဦးဟန်ညွန့်) က အုပ်ချုပ်ရေးမှူးဖြစ်နေလို့ ဖမ်းတာ မဟုတ်ဘူး။ မဲရုံမှူးတစ်ယောက်ဖြစ်တယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီကို ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သူအများကြီး ပံ့ပိုးနေတာရှိတယ်” ဟု ၎င်းက ဆိုသည်။
ဦးဟန်ညွန့်ထံတွင်လည်း ဇဟာကျေးရွာအုပ်စုနှင့် ပတ်သက်သည့် မဲစာရင်းစာရွက်စာတမ်းများ သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။
ဦးဟန်ညွန့်သည် ဇဟာကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ၎င်းကို PDF များ ဖမ်းဆီးသွားသည်ဟု စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်များတွင် ရေးသားဖော်ပြကြသည်။
ဇဟာရွာသားများကမူ အာဏာသိမ်းပြီးနောက်တွင် ဇဟာရွာ၌ အုပ်ချုပ်ရေးဟူ၍ တာဝန်ယူသူ မရှိတော့ကြောင်း ပြောဆိုကြသည်။
“ဇဟာမှာ အုပ်ချုပ်ရေးမှူးဆိုပြီး မရှိဘူး။ ဧည့်စာရင်း တိုင်ရတာမျိုးလည်း မရှိဘူး။ အခုအဖမ်းခံရသူကတော့ အခုတလော မဲစာရင်းကောက်နေတာမျိုး လုပ်နေတာတွေ့ရတယ်” ဟုရွာသားတစ်ဦးက ပြောသည်။
ဦးဟန်ညွန့်ကို ဒူရကစစ်ကြောင်းက စစ်ဆေးနေဆဲဖြစ်ကြောင်း စစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။
စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်နှင့် မဲပေးရန်ဖိအားပေးသူ၊ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဖြစ်ကြောင်း ဒူရကစစ်ကြောင်းက ယခုနှစ် သြဂုတ်လတွင် ကြေညာထားသည်။







