ထိုင်း-မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြသည့် မောတောင်မြို့က ဒေသခံ စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက လက်မခံသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံနေကြောင်း စစ်ရှောင်များထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက နယ်စပ်တွင်ရှိနေသည့် စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက လက်မခံတော့ဘဲ ပြန်ခိုင်းနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။
စစ်ဘေးရှောင်များသည် ယာယီတဲဆောက်ရန် သစ်ခုတ်ခြင်း၊ အမှိုက်များကို စနစ်တကျ မပစ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရှိခြင်း စသည့်အချက်တို့ကို အကြောင်းပြကာ ထိုင်းဘက်က လက်မခံကြောင်း ၎င်းက ပြောဆိုသည်။
“ထိုင်းဘက်က လက်မခံတော့ ပြန်တဲ့သူကလည်း ပြန်ကျတယ်။ မပြန်ဘဲ နေကျန်ခဲ့တဲ့ သူတွေလည်းရှိတယ်။ အချို့တွေကလည်း ရှေ့ရက်ကတည်းက ပြောင်းနေကြတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
စစ်ဘေးရှောင် အရေအတွက်၏ သုံးပုံတစ်ပုံမှာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွေ့နေကြပြီး ၂၅ရက်နေ့တွင်လည်း ပြောင်းရွေ့နေသူများရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်တွင် စစ်ဘေးရှောင် တစ်ထောင်ခန့် ထိုင်းဘက်ခြမ်းတွင် ရှိနေသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
နေအိမ်ကိုပြန်ပါက စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်သဖြင့် နေအိမ်ကို မပြန်ရဲသေးသလို အချို့မှာလည်း ရိက္ခာပြတ်လပ်မှုကို ကြုံရမည်ဖြစ်သဖြင့် နေအိမ် မပြန်ရဲကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။
“(နယ်ခြားဂိတ်) အလယ်ဂိတ်မှာနေတာက အိမ်ထက်တော့ လေကြောင်း လုံခြုံမှုက ရှိနေတယ်။ မပြန်ရင်လည်း ထိုင်းအာဏာပိုင်တွေက လိုက်ထုတ်နေတယ်။ ကြောက်ကြောက်နဲ့ပဲ ပြန်နေရတယ်။ အိမ်ပြန်နေပါကလည်း (အိမ်တွေ) အဖောက်ခံထားရတော့ စားဖို့က မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့အလယ်ဂိတ်တွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အချိန် နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၁၈၀၀ကျော် ရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။







