BREAKING
November 25, 2025

ထားဝယ်မြို့လယ်ခေါင်က တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဝင်တိုက်

November 25, 2025

ထားဝယ်မြို့လယ်တွင် စိုက်ထူထားသော စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ် ယမန်နေ့ညနေပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရကြောင်း မြို့ခံများထံမှသိရသည်။

ဦးမြတ်ကိုမှာ စစ်အာဏာရှင်တပ်၏ ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီးရှိ စိုက်ထူထားသော ဦးမြတ်ကို၏မဲဆွယ်ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ရေးလမ်းအတိုင်း မော်တော်ဆိုင်ကယ်ဖြင့်လာစဉ် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ဆိုင်းဘုတ်က လမ်း ဘေးပလက်ဖောင်းဘေးမှာ ထောင်ထားတယ်။ ပလက်ဖောင်းကိုကျော်ပြီးမှ ဆိုင်းဘုတ်ကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်လည်း လဲသွားတယ်၊ဆိုင်းဘုတ်လည်း မြေကြီးပေါ်လဲကျနီးနီး ဖြစ်သွားတယ်” ဟု ယင်းမြို့ခံကပြောသည်။

မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်မိသူမှာ တိုက်မိမှုဖြစ်ပြီးနောက် ယင်းနေရာမှ ထွက်ခွာသွားသည်ဟုဆိုသည်။

ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်ခဲ့သည့် အကြောင်းအရင်းကိုမူ Dawei Watch အနေဖြင့် အသေးစိတ်မသိရသေးပေ။

ဦးမြတ်ကိုသည် တိုင်းဒေသကြီးလွတ်တော်၊ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ထားဝယ်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

၎င်း၏မဲဆွယ်ဆိုင်းဘုတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲရုံးနှင့် ၁ ဖာလုံခန့်အကွာ၌ရှိသော ဥတ္တံကြီးလမ်းဆုံအနီးတွင် စိုက်ထူထားခြင်းဖြစ်သည်။

ဆိုင်ကယ်တိုက်ခံရပြီး လဲလုနီးပါဖြစ်နေသည့် အဆိုပါမဲဆွယ် ဆိုင်းဘုတ်ကို ဝန်ကြီးချုပ်ရုံးဆင်းချိန်မတိုင်မီ ညနေပိုင်းအချိန်တွင် စစ်အာဏာရှင်တပ်သားများက လာရောက်ပြင်ဆင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲအကြိုကာလ၌ ထောင်ဒဏ်သုံးနှစ်မှ အများဆုံးခုနစ်နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ရွေးကောက်ပွဲနှောက်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် လူအများစုကို ဖမ်းဆီးအရေးယူနေသည်။

ထိုဖမ်းဆီးခံရသူများမှာ ရွေးကောက်ပွဲမဲဆွယ် ဗီနိုင်းပျက်စီးစေမှု၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို ဆဲဆိုမှု ကိုယ်ထိလက်ရောက်စော်ကားမှု အပါအဝင် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲ အပေါ်ဝေဖန်ရေးသားမှုတို့ ကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုဝင်ဘာလ ပထမပတ်အထိ ထိုဥပဒေဖြင့်ဖမ်းဆီးအရေးယူခံရသူ အယောက် ၉၀ ကျော်အထိ‌ရှိလာပြီး ယင်းတို့တွင် နာမည်ကြီးရုပ်ရှင်ဒါရိုက်တာနှင့် အနုပညာရှင်အချို့လည်းပါဝင် သည်။