ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းကို ဆက်လက်ကူညီပံ့ပေးသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကတိပြုပြောကြားလိုက်သည်။
ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်အသစ် ရလာသည်ကိုလည်း ကြိုဆိုဂုဏ်ပြုကြောင်း ၎င်းက ပြောသည်။
“ဥရောပသမဂ္ဂအနေနဲ့ သမ္မတဇလန်းစကီး လိုအပ်တဲ့ သံတမန်ရေးရာ အထောက်အပံ့၊ စစ်ရေး အထောက်အပံ့၊ စီးပွားရေး အထောက်အပံ့အားလုံးကို ဆက်လက် ပေးအပ်ဖို့ သံန္နိဌာန်ချထားပါတယ်” ဟု ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က ပြောသည်။
“ဒီလို အထောက်အပံ့ပေးတယ်ဆိုရာမှာ အထူးသဖြင့် ယူကရိန်းအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ဆိုလိုတာပါ” ဟု ၎င်းက ပြောဆိုသည်။
ယူကရိန်း၏ ဘဏ္ဍာရေးလိုအပ်ချက်များကို နောက်ထပ် ၂နှစ်အထိ ဖြည့်ဆည်းပေးရန် ပြီးခဲ့သည့်လက ဥရောပသမဂ္ဂခေါင်းဆောင်များ သဘောတူညီခဲ့ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ဥရောပတွင် သိမ်းဆည်းထားသည့် ရုရှား၏ ပိုင်ဆိုင်မှုများကို ယူကရိန်းအတွက် အသုံးပြုရန်လည်း ဥရောပကော်မရှင်က အဆိုပြုခဲ့ဖူးသည်။
သို့သော် ယင်းသို့ လုပ်ဆောင်ရန် ဥရောပခေါင်းဆောင်များအကြား သဘောတူညီမှု မရရှိသေးပေ။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက အရှိန်အဟုန်အသစ် ရနေပါတယ်။ မနေ့က ဂျီနီဗာမှာ အမေရိကန်၊ ယူကရိန်း၊ ဥရောပသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဥရောပ ကိုယ်စားလှယ်တွေကြား တွေ့ဆုံမှုက သိသာထင်ရှားတဲ့ တိုးတက်မှုကို ပြသခဲ့ပါတယ်” ဟု Antonio Costa ပြောကြားခဲ့သည်။
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဖြေရှင်းရမည့် ပြဿနာများ ကျန်ရှိနေသေးသော်လည်း သွားနေသည့် လမ်းကြောင်းမှာ အပြုသဘောဆောင်ကြောင်း ၎င်းက ဆိုသည်။
Source: Reuters







