ထိုင်ဝမ်ကို တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးမှာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ချိန်ခွင်လျာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၂၄ ရက်က ဖုန်းခေါ်ဆိုရာတွင် ပြောကြားလိုက်သည်။
တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်လျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ၏ ပြောဆိုမှုကြောင့် တရုတ်နှင့် ဂျပန်အကြား တင်းမာမှုမြင့်တက်နေချိန် တရုတ်သမ္မတရှီကျင့်ဖျင်၏ အဆိုပါ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တနင်္လာနေ့က ဖုန်းပြောဆိုမှုအတွင်း “တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသည် တချိန်က ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒကို ပုခုံးချင်းဖက် တိုက်ခိုက်ခဲ့ကြပြီး လက်ရှိတွင် ဒုတိယကမ္ဘာစစ်၏ ရလဒ်ကို ကာကွယ်စောင့်ရှောက်ရန် အတူလက်တွဲလုပ်ဆောင်သင့်ကြောင်း” တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
တရုတ်က ထိုင်ဝမ်ကို ၎င်းတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကို စစ်အင်အားသုံး၍ တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုပါဟု တရုတ်က ကတိပြုထားခြင်း မရှိပေ။
ထိုင်ဝမ်က တရုတ်၏ ဖိအားပေးမှုကို လက်မခံဘဲ ထိုင်ဝမ်ပြည်သူများကသာ ထိုင်ဝမ်၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုထားသည်။
Source: Reuters







