BREAKING
December 3, 2025

ယူကရိန်းဘက်က နယ်မြေလက်လွှတ်ရေးအပေါ် ဇလန်းစကီး သတိပေး

November 25, 2025

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ရုရှားသမ္မတပူတင်၏ တောင်းဆိုချက်မှာ အဓိကပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း ဂျီနီဗာဆွေးနွေးပွဲအပြီးတွင် ယူကရိန်းသမ္မတဇလန်းစကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန် ၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကနဦးအဆိုပြုထားသည့် ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းက အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။

အဆိုပါ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အရေးပါသည့် ခြေလှမ်းများကို ကြိုဆိုသော်လည်း ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ပူတင်၏ တောင်းဆိုချက်မှာ အဓိကပြဿနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးသည်။

သို့သော် နယ်မြေပိုင်ဆိုင်မှုပြဿနာနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကိစ္စရပ်များအတွက် ရုရှားနှင့် ယူကရိန်းအကြား မည်သို့စေ့စပ်ဖြေရှင်းမည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ်အချက်များ ထွက်ပေါ်လာခြင်း မရှိပေ။

ဇလန်းစကီးနှင့် ဒေါ်နယ်ထရမ့်တို့အကြား ပိုမိုအငြင်းပွားဖွယ်ရာအချက်များကို ထပ်မံတွေ့ဆုံဆွေးနွေးကြလိမ့်ဦးမည်ဟု မျှော်လင့်ထားသော်လည်း ယင်းသို့ ထပ်မံတွေ့ဆုံဆွေးနွေးမည့်အချိန်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပါ။

ရုရှား- ယူကရိန်းစစ်ပွဲတွင် နယ်မြေပိုင်ဆိုင်မှုဂုဏ်သိက္ခာသည် ရုရှားနှင့် ယူကရိန်းအကြား သဘောထားကွဲလွဲမှု၏ အဓိကအချက်ဖြစ်နေသည်။

ရုရှားဘက်က အင်အားသုံးသိမ်းပိုက်ခဲ့သည့် နယ်မြေများကို ရုရှားသို့ ပေးအပ်ခြင်းဖြင့် ရုရှား၏ ကျူးကျော်ရန်စမှုကို ဆုချီးမြှင့်မပေးသင့်ကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ထပ်တလဲလဲ ပြောဆိုခဲ့ဖူးသည်။

ယင်းသို့ ပေးလိုက်လျှင် ရှေ့ဆက်အန္တရာယ်အခြေအနေများ ဖြစ်ပေါ်စေလိမ့်မည်ဟု ၎င်းက ဆိုသည်။

Source: BBC