မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ကို အဆုံးသတ်မည် ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်က ဆိုသည်။
ယင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ဖြင့် လက်ရှိ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးမှာ နေထိုင်ခွင့်ရုပ်သိမ်း ခံရမည်ဖြစ်သည်။
မြန်မာအတွက် သတ်မှတ်ထားသော ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS) သည် ယနေ့ အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေကို သုံးသပ်ကာ အမေရိကန်အေဂျင်စီများကို တိုင်ပင်ဆွေးနွေးပြီးနောက်တွင် မြန်မာနိုင်ငံသည် ယာယီကာကွယ်ပေးထားသည့်အခြေအနေ(TPS)နှင့် ဆက်လက်ကိုက်ညီမှု မရှိတော့ကြောင်း အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်လိုက်သည်။
မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့် အခြေအနေ(TPS)ကို ရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအတွက် ယာယီကာကွယ်ပေးထားသည့်အခြေအနေ (TPS) ကို အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တွင် ၁၈ လ သက်တမ်းတိုးပေးခဲ့ဖူးသည်။
ယင်းသို့ သက်တမ်းတိုးပေးထားသည့် ကာလမှာ ၂၀၂၄ ခုနှစ် ၊ မေလ ၂၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးကတည်းက နိုင်ငံသားမျိုးစုံအတွက် အမေရိကန်ပြည်ထောင်စုတွင် ယာယီကာကွယ်ပေးထားသည့် အခြေအနေ (TPS) ရုတ်သိမ်းမှုများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ယင်းမှာ ရွှေ့ပြောင်းနေထိုင်သူများအပေါ် သမ္မတထရမ့်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းမှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ ခန့်မှန်းချက်များအရ လက်ရှိ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးသည် ယာယီကာကွယ်ပေးထားသည့် အခြေအနေ(TPS) နှင့် နေထိုင်လျက်ရှိသည်။
Source: Reuters







