BREAKING
November 25, 2025

တနင်္သာရီ၊ ဖာနီရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချသဖြင့် ရွာသားငါးဦး ဒဏ်ရာရ

November 25, 2025

တနင်္သာရီမြို့နယ်၊ ဖာနီရွာကို ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ဖာနီရွာသား ငါးဦးဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၃ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ဖာနီရွာကို ဒရုန်းဖြင့်ချသည့် ဗုံးတစ်လုံးသည် နေအိမ်တစ်ဆောင်ရှေ့ရှိ ကားနံဘေးတွင် ကျရောက်ပေါက်ကွဲပြီး ရွာသားများ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများသည် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားများဖြစ်ပြီး လေးဦးမှာ ဒဏ်ရာများသဖြင့် မြိတ်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားကာ တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“(ကုန်ကားရောက်ချိန်) ပစ္စည်းလာ(သယ်)တိုက်လို့ လူစုနေကြတယ်။ အိမ်ရှေ့မှာ လူတွေက များနေတယ်။ ထိတဲ့သူ ဒဏ်ရာပြင်းသမား လေးယောက်ကိုတော့ ဆေးရုံပို့လိုက်တယ်”ဟု အထက်ပါဒေသခံတစ်ဦးက ပြောဆိုသည်။

ဖာနီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က ရွာထဲကို ဒရုန်းဖြင့်ပစ်ချခြင်းဖြစ်ပြီး ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်တွင်လည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသည့်အပြင် စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖာနီရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့ကြောင် ဖာနီနှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် ဖာနီရွာသားအချို့ရွာထဲတွင် ဝင်ရောက်နေထိုင်ကြပြီး အချို့မှာ ဥယျာဥ်ခြံများတွင် နေထိုင်ကြဆဲကြောင်း ရွာသားများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၄ရက် နံနက် ၉နာရီကျော်တွင်လည်း ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းမှ ရမ်းဖိုရွာအနီးရှိ ဥယျာဥ်ခြံများအတွင်းသို့ ဒရုန်းဖြင့် ဗုံးချခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကွမ်းခြံမှာ ကွမ်းသီးလာကောက်သမား အချို့တော့ရှိတယ်။ ထိခိုက်မှု‌တော့ မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး” ဟု အထက်ပါ ‌‌ဒေသခံက ပြောဆိုသည်။

ယင်းအပြင် ယနေ့ ညနေပိုင်းတွင်လည်း ၅၅၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်နေ‌ကြောင်း ဒေသခံများထံမှ သိရသည်။