BREAKING
November 25, 2025

ကျွန်းစုတွင် ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းသယ်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်

November 25, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပဲ့တိုင်ကျေးရွာ ဘုရားတောင်ကုန်းပေါ်ရှိ ပျူစောထီးအထိုင်စခန်းသို့ ဘုရားထွက်‌ရွာမှ လက်နက်ခဲယမ်းလာပို့သည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ကားနှစ်စီးပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများလိုက်ပါလာပြီး သတင်း အခိုင်အမာကြိုတင်ရရှိသည့်အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။

“စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးက ကိုယ်စားလှယ်လောင်းတွေ ကျွန်းစု ဘက်ကို မဲဆွယ်စည်းရုံး‌ရေးဆင်းနေတယ်လေ။ အဲဒါကို လုံခြုံရေးယူဖို့ပြင်ဆင်နေတာဖြစ်မယ်” ဟု အဆိုပါတာဝန်ခံက ဆိုသည်။

ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးအထိုင်စခန်းသည် ကျွန်းစုမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများအနက် အင်းအားအများဆုံးနှင့် အကြီးဆုံးစခန်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကားနှစ်စီးတွင် စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲဝင်နှင့် ပျူစောထီး ၁၅ ဦးခန့် စီးနင်းလိုက်ပါလာကြပြီး တိုက်ပွဲအတွင်း ငါးဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မြို့နယ် ပကဖထံမှ သိရသည်။

စစ်အာဏာရှင်တပ်ဘက်တော်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ခိုက်မှုအတွင်း ၆၀ မမ လက်နက်ကြီး ၁ လက်၊ ၆၀ မမကျည် ၅ လုံး ၊ ၉ မမကျည် ၃၈ တောင့် ၊ လက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု အပါအဝင် စစ်သုံးပစ္စည်းများနှင့် ပျူစောထီး ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်က လုပ်မည့် ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကျွန်းစုမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်နေသည်။

ထိုသို့ မဲဆွယ်စည်းရုံးရာတွင် စစ်အာဏာရှင်တပ်သားများအပြင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများက လုံခြုံရေးလိုက်ပေးလေ့ ရှိသည်။

“ကျွန်းစုဘက်မှာကတော့ အခြေအနေတွေက လုံးဝမအေးဘူးဗျာ။ ဟိုနားမှာ ဒုန်းကနဲ ဒီနားမှာ ဒိုင်းကနဲ ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ ပင်လယ်ဆိုပြီး အေးမယ်မထင်နဲ့ ညဘက်ငါးဖမ်းမထွက်ရတာ‌တောင်ကြာပြီ။ ဒီကြားထဲ စစ်သားတွေ အများအပြားနဲ့ မဲက လာဆွယ်နေသေးတယ်” ဟု ကျွဲခရံကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့နယ်နှင့် ကပ်နေသည့် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအများစုမှာ ရေကြောင်းအပြင် ကားလမ်းဖြင့်ပါ သွားလာ၍ရကြောင်း သိရသည်။